
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ပေါ်နဲ့ တိုက်နယ်ဆေးခန်းတွေကို ဇူလိုင် ၆ ရက် ညမှာ စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် ဒဏ်ရာရပြီး တိုက်နယ်ဆေးခန်းအဆောက်အအုံနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ည ၈ နာရီလောက်မှာ မင်းတပ်မြို့ပေါ်ကို ပေါက်ကွဲအားပြင်းတဲ့ ဗုံး ၂ လုံး ကြဲသွားပြီးတော့မှ တိုက်နယ် ၂ ဘက်ခြမ်းက ကျေးရွာဆေးပေးခန်းကို ဗုံး ၂ လုံး ထပ်ကြဲသွားတာ ဖြစ်ပါတယ်။ အမျိုးသမီးတယောက် ထိခိုက်တယ်လို့ ကနဦး သိထားရပါတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားခဲ့သလို တိုက်နယ် ၂ နယ်မြေအတွင်းက ကျေးရွာဆေးပေးခန်း အဆောက်အအုံလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံဟောင်းတယောက်က “မင်းတပ်ဘက်မှာက စစ်တပ် ထိုးစစ်က လချီကြာနေပြီလေ။ စစ်တပ်စစ်ကြောင်းတွေဘက်က ရှေ့တိုးလာရင် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာဘဲ။ ဒီဘက် ယောနယ်ထဲမှာလည်း ထီးလင်းနဲ့ ပေါက်မြို့ကြားမှာ စစ်ဆိုင်နေတာရှိသလို ဆောမြို့နယ်ထဲမှာဆိုရင်လည်း ရခိုင်ကိုတက်တဲ့လမ်းပေါက်မှာ စစ်ဆိုင်ထားရတာတွေ ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဟာ လက်လွတ်ဆုံးရှုံးထားရတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ မေလလယ်ပိုင်းကစတင်ပြီး အင်အားထောင်ချီ စစ်ကြောင်းထိုးနေတာကြောင့် ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း စစ်ရေးပစ်မှတ်နဲ့ အရပ်ဘက်ပစ်မှတ် ခွဲခြားတာမရှိဘဲ နေ့စဥ် ပြုလုပ်နေလို့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ အများအပြား ရှိနေတယ်လို့လည်း ဆိုပါတယ်။
ယောဒေသဖြစ်တဲ့ ဆောမြို့နယ်ကို ဖြတ်ကျော်ပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေထဲမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော် (CPA) နဲ့ မဟာမိတ်တပ်တွေပူးပေါင်း ခုခံတိုက်ခိုက်ခဲ့တဲ့ တလကျော်ကာလအတွင်း စစ်တပ်ဘက်က ရာချီပြီး သေဆုံးခဲ့ကြသလို စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားနဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ဇူလိုင် ၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။










