DVB Logo
Home
Lead Story
လူစားလဲချိန်တန်ပြီ
DVB
·
April 30, 2018
လူစားလဲချိန်တန်ပြီ
Donate to DVB

အခုခေတ် ဘောလုံးပွဲတွေကြည့်ရင် အသင်းနည်းပြတွေ အများစုဟာ ခြေမပေါ်တဲ့ ဘောလုံးသမားတွေကို ပွဲကစားချိန် ၃ ပုံ ၂ ပုံကျော်ဖြစ်တဲ့ မိနစ် ၇၀ တဝိုက်မှာ လူစားလဲလေ့ရှိတယ်။ တချို့နည်းပြတွေက ခြေမပေါ်တဲ့ ကစားသမား ၂ ဦး ၃ ဦးကို တပြိုင်တည်း လူစားလဲလေ့ရှိပြီး တချို့နည်းပြတွေကျ တယောက်ချင်း တယောက်ချင်း ချွေချွေတာတာ လူစားလဲတယ်။ သတိထားမိသလောက် အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ မိနစ် ၇၀ မှာ လူစားလဲလေ့ရှိတဲ့ အစဉ်အလာကို နောက်ပိုင်းနည်းပြတွေက လက်ခံသဘောတူပြီး မိနစ် ၇၀ လူစားလဲအစီအစဉ်ကို လိုက်လံကျင့်သုံးပုံပါ။ ဘောလုံးအသင်းတွေရဲ့ အနိုင်အရှုံး အခြေအနေအပေါ်မူတည်ပြီး လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ကစားသမားကို ထည့်သွင်းကစားစေပြီး ဘောလုံးပွဲအဖြေကို ပြောင်းအောင် မိနစ် ၇၀ လူစားလဲ အစီအစဉ်က အလုပ်ဖြစ်ပုံပေါ်တယ်။ တချို့ပွဲတွေမှာ အဲ့ဒီ မိနစ် ၇၀ လူစားလဲအစီအစဉ်က တကယ်အလုပ်ဖြစ်ခဲ့တာလည်း တွေ့မြင်ရတယ်။ (မကြာသေးခင်က ကန်သွားတဲ့ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်ပွဲမှာ ချဲလ်ဆီးအသင်းဟာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနေရာကနေ မိနစ် ၇၀ မှာ လူစားလဲဝင်လာတဲ့ ကစားသမားက ၂ ဂိုးဆက်တိုက်သွင်းတဲ့ အခြေအနေဖြစ်ပေါ်ပြီး ၃ ဂိုး ၂ ဂိုးနဲ့ ပြန်အနိုင်ရသွားတယ်)။

ဘောလုံးဆောင်းပါးရှင်မဟုတ်လို့ ဝါသနာရှင်တဦးရဲ့ အမြင်ဖြစ်ပြီး ဘောလုံးဆောင်းပါးရှင်တွေကတော့ မိနစ် ၇၀ လူစားလဲအစီအစဉ်ကို အချက်အလက်နဲ့ တင်ပြနိုင်ကြမှာဖြစ်တယ်။ ပြောလိုရင်းက ဘောလုံးပွဲ မိနစ် ၇၀ လူစားလဲအစီအစဉ် မဟုတ်ဘဲ အစိုးရအဖွဲ့ရဲ့ လူစားလဲချိန်အကြောင်း ဖြစ်တယ်။ အစိုးရသစ်သက်တမ်းက ၃ ပုံ ၂ ပုံ မကျော်သေးပေမယ့် အစိုးရသက်တမ်း ၂ နှစ်တိတိ ရှိတဲ့အချိန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ ဝေဖန်ထောက်ပြသံတွေ ညံထွက်လာတယ်။ သမ္မတသစ် ဦးဝင်းမြင့်က သူ့ရဲ့ လူထုကို ဒုတိယအကြိမ်ပြောတဲ့ မိန့်ခွန်းကို နှစ်ဆန်းတရက်မှာပြောပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားလို့ သုံးနှုန်းပြောဆိုသွားတယ်။ တကယ်တော့ အဲဒီ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဟာ သူ့အစိုးရလုပ်မယ့် အလုပ်တွေကို ပြည်သူလူထုထံ ချပြသွားတာဖြစ်ပြီး ဒီထဲ အားမရဆုံး စကားတခွန်း ပါလာတယ်။ "ပြုပြင်ပြောင်းလဲမှုနဲ့ အံမဝင်ခွင်မကျတဲ့ နေရာတွေမှာ သွက်လက်ထက်မြက်ပြီး အရည်အသွေးရှိတဲ့ လူစားလဲမှုတွေ လုပ်သင့်ရင်လည်း လုပ်ဆောင်ရမှာဖြစ်" ဆိုတဲ့စကားပဲ  ဖြစ်တယ်။

လုပ်သင့်ရင် လုပ်ရမှာဖြစ်လို့ သမ္မတပြောတော့ လူစားလဲချိန်တန်ပြီလို့ အများပြည်သူအကြား ဝေဖန်ပြောဆိုချက်တွေ ထွက်ပေါ်နေတာကို သမ္မတသစ် မသိမကြားတာလေလားလို့ အတွေးရောက်တယ်။ တခါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂ နှစ် တာဝန်ယူဖူးတဲ့ ဦးဝင်းမြင့်အနေနဲ့ လွှတ်တော်ထဲ လာလာဖြေကြတဲ့ ဝန်ကြီးဌာနတွေထဲ ဘယ်ဝန်ကြီးဌာနကတော့ အလုပ်လုပ်တယ်၊ အလုပ်ဖြစ်တယ်၊ ဘယ်ဌာနကတော့ဖြင့် အလုပ်မလုပ်ဘူး၊ ယောင်နနလုပ်နေ ဖြီးနေဖြန်းနေတယ်ဆိုတာ အသိဆုံးဖြစ်တယ်။ သူမပြောနဲ့ လွှတ်တော်ချန်နယ်ကို ပုံမှန်စောင့်ကြည်တဲ့ သာမန်ပြည်သူတဦးပင်လျင် ဘယ်ဌာန အလုပ်လုပ်တယ်။ ဘယ်ဌာနကတော့ အရင်အချိုးအတိုင်းပဲဆိုတာ ခန့်မှန်းကြည့်လို့ ရတယ်။ ဆိုလိုတာက လူစားလဲချိန်တန်ပြီ ဆိုတာပါပဲ။ ဦးဝင်းမြင့်ရဲ့ နှစ်သစ်ကတိစကားတွေအရ  ကျန်သေးတဲ့ အစိုးရသက်တမ်း ၃ နှစ်အတွင်း အစိုးရတရပ်အနေနဲ့ ပြည်သူလူထုအတွက် လုပ်ပေးမယ်ဆိုတဲ့ ကိစ္စရပ်တိုင်းက ကြိုဆိုရမယ့် ကိစ္စရပ်တွေချည်း ဖြစ်သလို တိုင်းပြည်အတွက် လက်ငင်းလိုအပ်ချက်တွေလည်း ဖြစ်နေတယ်။

လက်ငင်းလိုအပ်ချက်တွေထဲမှာ အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတချို့ကို အစားထိုးလဲဖို့ ပါဝင်နေပြီး သမ္မတသစ်ကတော့ အသင်းနဲ့ အံမဝင်ခွင်မကျဖြစ်နေတဲ့ သူတွေကို သည်းခံစိတ်ရှည် အချိန်ပေးပြီး ပဲ့ပြင်ထိန်းသိမ်းမယ်ဆိုတဲ့ စိတ်ကူးမျိုး  ရှိနေနိုင်တယ်။ ဒါဆိုရင်လည်း သိပ်အချိန်ပေးလို့ မဖြစ်နိုင်တော့ဘဲ သိပ်အချိန်ပေးလိုက်ရင် သမ္မတသစ်က ပြည်သူလူထုကို ပေးထားတဲ့ ကတိစကားတွေ မတည်နိုင်ဘဲ ဖြစ်သွားနိုင်သလို ပြည်သူလုထုရဲ့ ထောက်ခံမှုလည်း ကျဆင်းသွားနိုင်တယ်။ ပြောရရင် လက်ရှိ အစိုးရအဖွဲ့မှာ ခြေပေါ်အောင် ကစားနိုင်တဲ့ ကစားသမားကို လက်ချိုးရေလို့ ရနိုင်နေပြီး ဒီအချက်ကို အစိုးရ သတင်းစာဖတ်ပြီး ပြောတာမဟုတ်ဘဲ လက်တွေ့ ထွက်ပေါ်လာတဲ့ ရလဒ်အချို့ကို အခြေခံပြီး ပြောနေတာဖြစ်တယ်။ လွှတ်တော်တွေမှာ ချက်နဲ့လက်နဲ့ လက်တွေ့ကျကျ လာပြောဆို တင်ပြနေတဲ့ ပြည်ထောင်စုအဆင့်တွေရဲ့ ပြုမူ ပြောဆိုချက်တွေကို ကြည့်ပြီး ပြောတာလည်း ဖြစ်တယ်။ လူစားလဲဖို့ ကစားသမားသစ် ရှာရခက်နေဆိုရင်တော့ အကြံပြုချင်တာတခုရှိတယ်။ အဲ့ဒါကတော့ အခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို သမ္မတ တာဝန်ပေးလိုက်သလိုပဲ လွှတ်တော်ထဲ သူ့နယ်ပယ်နဲ့သူ ခြေပေါ်အောင် ထဲထဲဝင်ဝင် ခြေခြေမြစ်မြစ် ဆွေးနွေးနိုင်တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်တွေကို ပြည်ထောင်စုအဆင့် တာဝန်ပေးနိုင်တယ် ဆိုတာပါပဲ။

(စာကြွင်း-ဧပြီလကုန်ပိုင်းမှာ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်ကို ဌာနတခုရဲ့ ဝန်ကြီးခန့်မယ် ဆိုတဲ့သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး ဒီသတင်းမှန်လာရင် ကြိုဆိုရမယ်။)

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013