
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စုထဲမှာ ယမန်နေ့ ညနေပိုင်းက ကလေးငယ်တွေ ဗုံးဟောင်းနဲ့ ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ပြီး ၂ဦးသေဆုံးသွားပါတယ်။
ကျိုင်းတုံရဲစခန်းအရှေ့ဘက် ၈ မိုင်ခန့်အကွာ မိုင်းလပ်အုပ်စု နာထေးလားဟူရွာပြင်ဘက်မှာ ကလေးတွေက ဗုံးသီးဟောင်းနှစ်လုံးကို ကျောက်ခဲနဲ့ထုကစားရာမှာ နှစ်ဦး ပွဲချင်းပြီးသေ ဆုံးခဲ့တာလို့ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ရဲမှတ်တမ်းအရတော့ အခင်းဖြစ်ပွားတာက မနေ့ (ဧပြီလ ၂၉ ရက်) ညနေ ၃ နာရီအချိန်လောက်ပေါ့နော်။ နွားခြံဟောင်းအရှေ့ဘက် ကုန်းဆင်းနားမှာ ကလေးတွေက ဗုံးဟောင်းတွေကို ကျောက်ခဲနဲ့ထုခွဲကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးသေဆုံးသွားပါတယ်။ အဲဒီဘက်က တိုက်ပွဲတွေ မရှိဘူး။ နယ်မြေအေးချမ်းပါတယ်။ ဟိုးအရင်က ဗုံးအကြွင်းအကျန် ဟောင်းတွေလို့ ယူဆရပါတယ်။”
သေဆုံးသွားရတဲ့ ကလေးငယ်တွေဟာ နာထေးရွာနေ ဦးကျခူးရဲ့ သားဖြစ်သူ မောင်အားသယ် (၁၃ နှစ်)နဲ့ ဦးကျနူးရဲ့ သား မောင်ဇေယျာထွန်း (၁၁ နှစ်)တို့ ဖြစ်ပါတယ်။
ကလေးတွေရဲ့အလောင်းကို သွားသယ်ဆောင်ခဲ့တဲ့ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူအောင်က “အလောင်းတွေသယ်ဖို့ ရဲစခန်းက အကူအညီတောင်းတာနဲ့ ကျနော်တို့ အဖွဲ့ဝင် ၈ ဦး အဲဒီနေရာကို ညနေ ၃ နာရီခွဲလောက်သွားခဲ့ပါတယ်။ တောထဲမှာဆိုတော့ ကားဝင်လို့မရလို့ ခြေကျင်နည်းနည်းထပ်လျှောက်ရတယ်။ ကလေးတယောက်က ဗုံးကိုများ ဖင်ခုထိုင်လား မသိဘူး။ တင်ပါးတစ်ခုလုံး ပြုတ်ထွက်သွားတယ်။ နောက်တယောက်ကတော့ တောင်စောင်း ကနေ လိမ့်ကျသွားတာ။ မျက်နှာမှာ သွေးတွေချည်းဘဲ၊ အတွင်းပိုင်းဒဏ်ရာတော့ မသိရဘူး။ ကျနော်တို့လည်း ထုတ်ပိုးပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ ဆေးရုံက လိုအပ်သလို စစ်ဆေးပြီးရင် ဒီ ကနေ့ ဘဲ သူတို့ရွာမှာ ထုံးတမ်းစဉ်လာအတိုင်းသင်္ဂြိုလ်ဖို့ ပြန်သယ်သွားကြမယ်။”လို့ ပြောပါတယ်။
အခင်းဖြစ်တဲ့နေ့က တောထဲကိုလာတာ ကလေးစုစုပေါင်း ၄ ဦးဖြစ်ကြောင်း၊ ကျေးရွာ ကလေးတို့သဘာဝ တောထဲငှက်ပစ်ထွက်လာဟန်ရှိကြောင်း၊ ပေါက်ကွဲမှုဖြစ်တော့ ကျန်အသ က်ရှင်တဲ့ ကလေးနှစ်ဦးက ရွာပြန်ပြီး မိဘတွေကိုအကြောင်းကြားခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ စစ်တပ်က တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး အဲဒီနေရာ အနီးအနားမှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံး ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအမှုကို ရဲစခန်းက ပုဒ်မ ၂၈၆ /၃၀၄ ( က ) မတော်တဆ သေဆုံးမှုနဲ့ အမှုဖွင့်ထားပါတယ်။











