
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေးအတွက် မရေမရာ သက်တမ်းတိုးခြင်းဟာ ရုတ်တရက် တိုက်ခိုက်ဖို့ အချိန်ဆွဲရေး ပရိယာယ်တခု ဖြစ်တယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌရဲ့ အကြံပေး မာဒီ မိုဟာမက်ဒီက ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ ဆက်ပြီးဖြစ်နေတဲ့ စစ်ရေးကျူးကျော်မှုတခုပဲလို့လည်း သူက လူမှုမီဒီယာကနေ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။ အီရန်အနေနဲ့ လက်ဦးမှုယူရမဲ့အချိန် ရောက်လာပါပြီလို့လည်း သူက ပြောပါတယ်။
ဧပြီ ၂၁ ရက်မှာ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဖို့ နာရီပိုင်းအလိုမှာ အပစ်အခတ် ရပ်စဲရေးကို အကန့်အသတ်မရှိ တိုးချဲ့မယ်လို့ ထရမ့်ပ်က ပြောပါတယ်။
လူထောင်ပေါင်းများစွာ သေဆုံးပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့လို့ ထရမ့်ပ်က အကြောင်းပြပါတယ်။
ထရမ့်ပ်ရဲ့ ကြေညာချက်က အရေးမပါဘူးလို့ အီရန်ရဲ့ ဦးဆောင်ညှိနှိုင်းရေးမှူး လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ဂါလီဘတ်ဖ်ရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမဲ့သတင်း ထွက်ပေါ်ပြီးတဲ့နောက် အီရန်စစ်တပ်က ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ လက်နက်တိုက်ကို ပြနေချိန် ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ အီရန်နိုင်ငံသားတွေက တီဟီရန်မြို့တော်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြပါတယ်။
အင်အားပြတဲ့အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထောင်ထားတဲ့ ဗာနက်ရင်ပြင်နဲ့ အန်ဂျယ်လက်ရင်ပြင်တို့မှာ အီရန်အလံတွေကို ဝှေ့ယမ်းနေတဲ့ လူအုပ်ကြီးက စုဝေးနေပါတယ်။
အီရန်နဲ့ အမေရိကန် အစိုးရတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပိုကျင်းပနိုင်ဖို့ ကနဦး ၁၄ ရက် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမယ်လို့ ထရမ့်ပ်က ပြောခဲ့တာပါ။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အီရန် အကြီးတန်းအရာရှိတွေဆီကနေ ထရမ့်ပ်ရဲ့ကြေညာချက်အပေါ် မတုံ့ပြန်ခဲ့ပေမဲ့ အီရန်အစိုးရရဲ့ ကနဦးတုံ့ပြန်မှုတချို့က ထရမ့်ပ်ရဲ့မှတ်ချက်တွေကို သံသယနဲ့ ဆက်ဆံနေတယ်ဆိုတာ ပြနေပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်အပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရင်း စစ်ပွဲကို စတင်ခဲ့ပါတယ်။
ရန်သူတွေက အီရန်ကိုတိုက်ခိုက်ဖို့ မြေ ဒါမှမဟုတ် အဆောက်အအုံတွေကို သုံးခဲ့ရင် အရှေ့အလယ်ပိုင်းဒေသက ရေနံထုတ်လုပ်မှုကို နှုတ်ဆက်သင့်တယ်လို့ အီရန်စစ်ဘက်တပ်မှူး တယောက်က နိုင်ငံရဲ့ တောင်ပိုင်းအိမ်နီးချင်းတွေကို သတိပေးခဲ့တယ်လို့ အီရန် နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
Source: Reuters










