
မြန်မာ့တပ်မတော်ရဲ့ ကချင်ပြည်နယ်ထိုးစစ်ကြောင့် ပိတ်မိနေတဲ့ ရွာသားတွေကို ကူညီကယ်ထုတ်နိုင်ပေးဖို့ ကချင်လူထုတွေက ဒီကနေ့မနက် မြစ်ကြီးနားမြို့မှာ စုပေါင်းဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
မြစ်ကြီးနားမြို့ရှိ မနောကွင်းမှာ ကချင်လူထုအင်အား ၅၀၀၀ လောက်စုဝေးပြီး အခုလိုတောင်းဆိုဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတာဝန်ခံ ဦးဇော်ဂျက်က “တောင်းဆိုတာကတော့ ထိုးစစ်ဆင်မှုကြောင့် ပိတ်မိနေတဲ့ရွာသားတွေ လွတ်လာဖို့ အမြန်ဆုံးလမ်းကြောင်းဖွင့်ပေးပါ။ ပြည်သူတွေနေတဲ့နေရာတွေမှာ မဆင်မခြင်လက်နက်ကြီးတွေ ဗုံးတွေ၊လက်နက်ကြီးတွေမပစ်ဖို့ တောင်းဆိုရတာ” လို့ ပြောပါတယ်။
ဧပြီ ၁၁ ရက်ကနေ ၂၈ ရက်အထိ မြန်မာတပ်မတော်က ကေအိုင်အေကို ပြင်းထန်စွာ ထိုးစစ်ဆင်မှုကြောင့် တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ၊ ကာမိုင်းမြို့နယ် မန်ဝိုင်၊ လိုင်နောင်ခူး ကျေးရွာ၊ နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာ၊ အင်ဂျန်းယန်မြို့နယ်၊ ချီဖွေမြို့နယ် ဇန်နောင်ယန် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိ တောထဲ ပိတ်မိနေဆဲဖြစ်ပါတယ်။
ဒီလိုပိတ်မိနေသူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေအမျိုးသမီးတွေ၊ နာမကျန်းသူ၊ သက်ကြီး ရွယ်အို၊ ကလေးငယ်တွေနဲ့ မွေးကင်းစကလေးငယ်တွေပါဝင်ပြီး အစာရေစာပြတ်လပ်ခြင်း၊ လုံခြုံတဲ့ဒေသ မရောက်နိုင်သေးတဲ့အပြင် တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင် ပြည်သူတွေအတွက် အလွန်စိုးရိမ်ဖွယ်ရှိနေတယ်လို့လည်း ကချင် ကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ ကချင်ဒေသကို ထိုးစစ်ဆင်တာ အမြန်ဆုံးရပ်ဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခိုက်နစ်နာမှုနဲ့ အသက်ဘေးကင်းလုံခြုံရေးကို အစိုးရက ထိရောက်စွာ ကာကွယ်စောင့်ရှောင်ပေဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့ လက်ရှိပဋိပက္ခကို စစ်ရေးနဲ့ ဖိအားမပေးဘဲ နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့လည်း ကချင်လူထုက တောင်းဆိုထားပါတယ်။











