DVB Logo
Home
မြန်မာသတင်း
အင်းလေလံကိစ္စ ကန့်ဘလူ တောင်သူများ တရားစွဲခံခဲ့ရမှု သတင်းစာရှင်းလင်း
DVB
·
April 29, 2018
အင်းလေလံကိစ္စ ကန့်ဘလူ တောင်သူများ တရားစွဲခံခဲ့ရမှု သတင်းစာရှင်းလင်း
Donate to DVB

အငြင်းပွားမြေပေါ်မှာ လယ်လုပ်နေတဲ့တောင်သူတွေ တရားစွဲဆိုခံနေရတာနဲ့ပတ်သက်ပြီး ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းအင်စတီကျု့ရုံးမှာ ကန့်ဘလူမြို့နယ်က တောင်သူအချို့ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း ပုံစံ ၇ ရှိတဲ့ မြေယာတွေပေါ်မှာ ငါးလုပ်ငန်း ဦးစီးဌာနက အင်းလေလံပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ်ကစတင်ကာ တောင်သူ ၂၀ ကျော် တရားစွဲဆိုခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် မြေပြင်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်တာမရှိဘဲ လုပ်ဆောင်နေတာကြောင့် တောင်သူတွေမှာ အဘက်ဘက်ကနစ်နာနေပြီး အခက်အခဲတွေကြုံတွေ့လာရတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာလို့ တောင်သူတွေက ပြောပါတယ်။

ကိုးတောင်ဘို့ တိုက်နယ်အတွင်းမှာရှိတဲ့ ပိတောက်ခုံကွက်သစ်၊ ဂုံညှင်းကျေးရွာ၊ လျှော်ဖြူကုန်းကျေးရွာတွေက တောင်သူတွေကို သီးနှံခိုးရိတ်သိမ်းမှု၊ ငါးခိုးမှု၊ ပိုင်နက်ကျုးလွန်မှု၊ အကျိုးစီးပွားပျက်စီးစေမှု စတဲ့အမှုတွေနဲ့ အင်းသူကြီး၊ လက်ခွဲအင်းသူကြီးဆိုသူတွေက တရားစွဲဆိုခဲ့တာပါ။

ပထမတရားစွဲဆိုခံရတဲ့အထဲက ၆ ဦးကိုတော့ တရားရုံးက မှားယွင်းတရားစွဲဆိုတာဖြစ်တယ်ဆိုပြီး အမှုက လွှတ်ပေးခဲ့ပေမယ့် တောင်သူ ၁၉ ဦးကတော့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာက ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ပထမအကြိမ်အဖြစ် တောင်သူတွေက သတင်းစာရှင်းလင်းပွဲလုပ်ပြုလုပ်ခဲ့ပါသေးတယ်။

အငြင်းပွားမြေယာဖြစ်နေတဲ့နေရာမှာ ကိုးတောင်ဘို့တိုက်နယ်က ၆ ရွာ၊ ကြက်ခတ်အုပ်စုက ၂ ရွာနဲ့ ဇီးကမ်းနားအုပ်စုက ၄ ရွာ စုစုပေါင်း ၁၂ ကတောင်သူ ရာဂဏန်ပါဝင်ပြီး ဧက ၅ ထောင်ကျော်ခန့်ရှိတယ်လို့ ဆိုပါတယ်။ တောင်သူအချို့က ပုံစံ ၇ ပိုင်ဆိုင်ထားကြပြီး အချို့ကတော့ မရရှိသေးဘူးလို့ ဆိုပါတယ်။ အဓိကအားဖြင့် စပါး၊ ပဲမျိုးစုံ၊ ပန်းနှမ်းနှင့် ကြံတွေကို စိုက်ပျိုးကြတယ်လို့လည်းဆိုပါတယ်။

“ဘိုးစဉ်ဘောင်ဆက် ပုံစံ ၇ ရရှိတဲ့ လယ်ယာမြေမှာ လုပ်ကိုင်နေတာကို သက်ဆိုင်ရာဌာနတွေကို တိုင်တန်းခဲ့တယ်။ တွေ့ဆုံခဲ့တယ်။ အကြောင်းကြားခဲ့တယ်။ အရေးယူမှုတစ်စုံတစ်ရာ မရှိခဲ့ဘူး။ အခုဖြစ်နေတဲ့ နေရာက အင်းဧရိယာမြေပုံအတိအကျလည်း မရှိခဲ့ဘူး။ ရေကြီးလို့ဖြစ်လာတဲ့ဟာ။ ဒါကို မြေစာရင်းတာဝန်ရှိသူတွေကလည်း ပြောတယ်။ အင်းလေလံခေါင်းစဉ်က ဒေါင်းမြူးချောင်း။ အင်း ၁၄ ခုလို့ သိရတယ်။ ဒါပေမယ့် ဒီနေရာမပါဘူး။ အခုလိုလွဲမှားပြီး လုပ်တဲ့ကိစ္စတွေကြောင့် တောင်သူတွေမှာ ဒုက္ခရောက်နေကြရပြီ။ ဒီကိစ္စတွေကိုလည်း သက်ဆိုင်ရာတင်ပြပေမယ့် အခုထိ ပြေလည်အောင်မဖြေရှင်းပေးဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုလည်း ပြဿနာဖြစ်တဲ့ မြေကို ဒီနေ့အချိန်ထိ တခေါက်မှလာတာမရှိဘူး။ ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာ” လို့ မှားယွင်းတရားစွဲဆိုခံခဲ့ရတဲ့ ဦးအောင်လင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၁ ပတ်အတွင်း မဖြေရှင်းပေးရင် ငြိမ်းစုစီနဲ့အညီ ဆန္ဒဖော်ထုတ်ဖို့ တင်ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013