DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် အင်ဂျန်းယန်တွင် ဒေသခံ ရာချီ ပိတ်မိနေ
DVB
·
April 29, 2018
တိုက်ပွဲကြောင့် အင်ဂျန်းယန်တွင် ဒေသခံ ရာချီ ပိတ်မိနေ
Donate to DVB

ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ကေအိုင်အေ ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အင်ဂျန်းယန်မြို့နယ်ထဲမှာ ဒေသခံတချို့ မြို့ပေါ်ကို တိမ်းရှောင်မရဘဲ ပိတ်မိနေပါတယ်။

အင်ဂင်းကောင်ရွာ၊ လော့ဒ်မိုင်ယန်ရွာနဲ့ ၁၆ မိုင်စတဲ့ ရွာ ၄ ရွာက လူတွေဟာ ဂွေထော်ရွာမှာ ပိတ်မိနေပြီး စားသောက်ရေး ခက်ခဲနေတယ်လို့ စစ်ဘေးရှောင် တယောက်က ပြောပါတယ်။

“ကျနော်တို့ ပိတ်မိနေတာ ၄ ရက်ရှိပြီ။ လူက ၂၆၀ ကျော်ရှိတယ်။ နေ့ခင်းဆိုရင် မလိခမြစ်နားမှာ နေကြတယ်။ ချက်ပြုတ်စားကြတယ်ပေါ့။ ညဘက်ဆိုရင်တော့ အိမ်တွေမှာ ရသလောက် အိပ်ကြတယ်။ ကျနော်တို့ သွားစရာက မြစ်ကြီးနားဘက်ကိုပဲ ရှိတယ်။ ဟိုဘက်မှာက စစ်က တအားဖြစ်နေတာလေ။ ဒီကသွားဖို့ကျတော့ စစ်တပ်က သွားခွင့်မပေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီမှာ ပိတ်မိနေသူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ခရစ်ယာန်အသင်းတော်တွေက သွားရောက် ခေါ်ဆောင်ခဲ့ပေမယ့် လူ ၃၀ လောက်ပဲ ပါသွားတယ်လို့ သူက ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် လလောက်ဂျုံးခေါင်က “သူတို့တွေကို ကယ်ထုတ်ခွင့်ရဖို့ အသင်းတော်က လူကြီးတွေက သွားပြောကြတယ်။ ဟိုဘက်ကမ်းမှာပဲ ရှိတာလေ။ မြို့ပေါ်ကို ကယ်ထုတ်ခွင့်တောင်းတာ။ မပေးဘူး။ ဘာဖြစ်လို့လဲ မသိဘူး။ နောက်ထပ်လည်း အဆက်အသွယ် မရသေးတာတွေ ရှိသေးတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားမြို့ပေါ် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်ဘေးရှောင် ၂၀၀ ကျော်၊ ကက်သလစ်အသင်းတော်မှာ ၈၀၀ ကျော်ရောက်နေပြီး ဝိုင်းမော်ဘက်က အသင်းတော် တခုမှာလည်း လူ ၁၀၀ ကျော်ရောက်နေတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

အင်ဂျန်းယန်မြို့နယ် ၁၆ မိုင်နဲ့ ၁၇ မိုင်ကြားမှာ ဧပြီ ၂၄ ရက်ကစပြီး တပ်မတော်နဲ့ ကေအိုင်အေ (ကချင်လွတ်လပ်မရေးတပ်မတော်) တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မနေ့ကအထိ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

ဧပြီလအတွင်းမှာပဲ ကေအိုင်အေ နယ်မြေတွေဖြစ်တဲ့ မံဝယ်ဒေသ၊ အောင်လော့ဒ်ဒေသ၊ ကဆုန့်ဒေသနဲ့ အင်ဂျန်းယန်ဒေသတို့မှာ နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ တပ်မတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013