DVB Logo
Home
မြန်မာသတင်း
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အလုပ်သမားရေး သမ္မတ ဦးဝင်းမြင့်နှင့်ထိုင်းဝန်ကြီးချုပ် ဆွေးနွေး
DVB
·
April 29, 2018
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အလုပ်သမားရေး သမ္မတ ဦးဝင်းမြင့်နှင့်ထိုင်းဝန်ကြီးချုပ် ဆွေးနွေး
Donate to DVB

 

အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ မနေ့က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ထားဝယ်ရေနက်ဆိပ်ကမ်း ဆောလျင်စွာ အကောင်ထည်ဖော်ရေးအပါအ၀င် မြန်မာအလုပ်သမားအရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းက စင်ကာပူနိုင်ငံ ရှန်ဂရိလာဟိုတယ်မှာ ကျင်းပတဲ့ ၃၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားနဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ သီးသန့် အစည်းအဝေးတွေကို တက်ရောက်ခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်၊ ဘရူနိုင်းဘုရင်၊ ဗီယက်နမ်ဝန်ကြီးချုပ်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို စင်ကာပူ ကျောင်းသူ၊ ကျောင်းသားလေးတွေက အာဆီယံအထိမ်းအမှတ်သီချင်း စုပေါင်းသီဆိုမှုနဲ့ စတင်ဖွင့်ခဲ့ပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာတို့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထိုင်းရောက် မြန်မာအလုပ် သမားများအရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသမှာ မူးယစ်ဆေးဝါးကူးသန်းရောင်း ဝယ်မှုနဲ့ တရားမဝင် ကုန်စည်ပို့ဆောင်မှုတွေကို ပူးတွဲနှိမ်နင်းရေး၊ ထားဝယ်ရေ နက်ဆိပ်ကမ်းစီးမံကိန်းအား ဆောလျင်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာ-ထိုင်း ဒုတိယမြောက် ချစ်ကြည်ရေးတံတား ဖွင့်လှစ်နိုင်ရေး၊ ရခိုင်ပြည်နယ်အရေး ထိုင်းက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးအပ်ရေး၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုမှာ ပါဝင်အထောက်အကူပြုရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်ဟာ ဘရူနိုင်းဘုရင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံမှာ ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန် သွားရောက်ရေး၊ ဘရူနိုင်းနိုင်ငံက မြန်မာအတွက် ပညာသင်ဆုတွေ၊ လေ့လာရေးခရီးစဉ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ သင်တန်းတွေ ဆက်လက်ထောက်ပံ့ပေးရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်သွားဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတဟာ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရည်မှန်းချက်ကို တိုးမြှင့်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူနိုင်ငံကနေ မနေ့ညနေ ၆ နာရီလောက် နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013