
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာနအတွင်း မွန်ဘာသာပိဋကတ်သုံးဘုံကျောက်စာနဲ့ စေတီအတွင်းမှာထားရှိမယ့် ၁၈ တောင်အမြင့်ရှိ စကျင်ရုပ်ပွားတော် ၄ ဆူ မနေ့ညနေပိုင်းက ရေးမြို့ကို ရောက်ရှိလာရာ လူပေါင်းထောင်ချီ လာရောက်ဖူးမြော်ကန်တော့ခဲ့ကြပါတယ်။
သာသနာပြုဌာနဦးဆောင်ဆရာတော် ကိုရင်လေးဆရာတော်လို့ လူသိများတဲ့ ဘဒ္ဒန္တပုပ္ဖရမ္မက ဦးစီးကာ အဲဒီသာသနာပြုဌာနအတွင်းရှိ မြေဧက ၂၀ မှာ မွန်ဘာသာနဲ့ ရေးထိုးမယ့် အမြင့် ၆ ပေ၊ အလျား ၃ ပေနဲ့ အထူ ၄ လက်မရှိ ကျောက်စာချပ်ရေ ၁၅၀၀ နဲ့တွဲလျက် စေတီငယ်ပေါင်း ၁၅၀၀ တည်ထားကိုးကွယ်သွားမှာဖြစ်ပြီး ၃၈ တန်ရှိတဲ့ ပုပ္ဖရမ္မဓမ္မရာဇိက ရုပ်ပွားတော် ၄ ဆူကို အဲဒီပိဋကတ်သုံးဘုံးကျောက်စာနဲ့စေတီအတွင်း ထားရှိကိုးကွယ်သွားမှာပါ။
“လမ်းတလျှောက် ဘုရားဖူးရာပေါင်းများစွာက ပူဇော်ကန်တော့ခဲ့ကြတယ်၊ ကြည်ညို သဒ္ဓါပွားခဲ့ကြတာ ပီတိဖြစ်စရာပါ၊ မတ္တရာမြို့နယ်စကျင်တောင်ကစလို့ မန္တလေးကုသိုလ်တော် ဘုရားမှာ ရင်ငွေ့လှုံခဲ့သလို၊ နေပြည်တော်၊ ပဲခူး၊ မွန်ပြည်နယ် ခု ရေးမြို့အဆုံးအထိ ၅ ရက်ကြာ ပင့်ဆောင်လာခဲ့တယ်” လို့ လိုက်ပါဆောင်ရွက်ပေးတဲ့ အရှင်ပညာသာမိက ဒီဗွီဘီကို မိန့်ပါတယ်။
အဲဒီကျောက်စာတွေမှာ မွန်ဘာသာနဲ့ရေးထိုးမှာဖြစ်ပြီး ကျောက်စာတွေနဲ့ စေတီတွေကို လာမယ့် ၁၀ နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မယ်လို့ သိရပါတယ်။ လက်ရှိအနေနဲ့ ကျောက်စာချပ်ရေ ၃၀၀ လောက် ပြီးစီးပြီဖြစ်ပြီး ချပ်ရေ ၁၀၀ နီးပါးလောက်လည်း ထုလုပ်ရာ မန္တလေးတိုင်းဒေသကြီးမှ သာသနာပြုဌာနကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးမှ မွန်ပြည်နယ် ရေးမြို့ကို ရုပ်ပွားတော်ပင့်ဆောင်ရာမှာ ကြိုဆိုရေးယာဉ် ၃၂ စီး၊ ရဟန်းသံဃာသီလရှင်နဲ့ လူပုဂ္ဂိုလ်ပေါင်း ၇၀၀ ကျော် လိုက်ပါခဲ့ကြပါတယ်။
သတင်း - ၀င်းနိုင်သက်
ဓါတ်ပုံ - Ashin Myat










