DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးဝင်းမြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် သီးခြားဆွေးနွေး
DVB
·
April 28, 2018
သမ္မတ ဦးဝင်းမြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် သီးခြားဆွေးနွေး
1 / 10
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ စင်ကာပူနိုင်ငံမှာ မနေ့မွန်းလွဲပိုင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်အချို့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပြီး ၃၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနဲ့ စင်ကာပူမြို့ Istana Presidential Palace မှာ မနေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး၊ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ အသက်မွေးဝမ်း ကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ ဆက်လက်အကူအညီ ပေးအပ်သွားရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်ဟာ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆုလစ်နဲ့ စင်ကာပူမြို့ ရှန် ဂရီလာဟိုတယ်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်နိုင်ရေး၊ နိုင်ငံတော်သမ္မတအား လာအိုနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့လည်း ရှန်ဂရီလာဟိုတယ်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲ (ASEAN Leaders gathering) ကို မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ စင်ကာပူမြို့ Istana Presidential Palace မှာ ကျင်းပတဲ့ (၃၂) ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေး (Plenary Session) ကို တက်ရောက်ခဲ့ပြီး ကြံ့ခိုင်နိုင်စွမ်းရှိ၍ တီထွင်ဆန်းသစ်သည့် အာဆီယံတည်ဆောက်ခြင်း (Building a “Resilient and Innovative” ASEAN) ခေါင်းစဉ်အောက်မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013