
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒမေးခွန်း ပေါက်ကြားအောင် Onlineမှာ ဖြန့်ဝေခဲ့သူ Sayar Bone ဖေ့စ်ဘွတ်ခ်အကောင့် ပိုင်ရှင်ကို ဧပြီ ၂၆ ရက်ညက ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပဲခူးမြို့အမှတ်-၂ ရဲစခန်းမှူး ရဲအုပ်ချစ်ကြည်က ပြောပါတယ်။
Sayar Bone account ပိုင်ရှင်ဟာ ဘုန်းကြီးတပါးဖြစ်ပြီး ဦးပညိန္ဒ အမည်နဲ့ လည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ ရန်အောင်မြင်သိဒ္ဓိရှင် ဘုန်းကြီးကျောင်းမှာ ရဟန်းဝတ်နေတာ ၇ ၀ါလောက် ရှိပြီဖြစ်ပါတယ်။
“အခုလို တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းတွေကို အွန်လိုင်းမှာ တင်ရတာဟာ ကျောင်းသားမိဘတွေအနေနဲ့ ကိုယ်ရဲ့ကလေးတွေအတွက် ဘယ်အပုဒ်က အမှတ် ဘယ်လောက်ရမယ်၊ ဘယ်အပုဒ်တွေကို ဖြေဆိုနိုင်မယ်ဆိုတဲ့ ကြိုတင်တွက်ချက်ကြည့်ပြီး စိတ်အေးနိုင်ဖို့အတွက် အခုလိုတင်လိုက်တာပါ။ ဒီမေးခွန်းတွေကလည်း ချက်ဘောက်ကလည်း လာတယ်။ ပြီးတော့ လိုင်းပေါ်မှာလည်းတက်နေတာကြောင့် ကျနော်က Saved ပြီး ကျနော့်အကောင့်ကနေ ပြန်တင်လိုက်တာပါ။ အဲဒီတော့ ကျနော်တင်သလိုဖြစ်သွားတာပေါ့” လို့ ဆရာဘုန်းအကောင့်ပိုင်ရှင် ဦးပညိန္ဒက ပြောပါတယ်။
အဲဒီကိစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးကွန်ရက် တခုခုကိုအသုံးပြုကာ ပညာရေးဌာနရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် အသေရေဖျက်ခြင်း၊နှောက်ယှက်ခြင်း ပြုလုပ်သူ Sayar Bone အကောင့်ပိုင်ရှင်ကို ဥပဒေအရအရေးယူပေးဖို့ ပဲခူးတိုင်းပညာရေးမှူး ဒေါ်မေသက်နွယ်က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် အမှတ်-၂ နယ်မြေရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ (ဃ) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။











