DVB Logo
Home
မြန်မာသတင်း
အန်စီအေတွင် ကရင်နီတပ်ဖွဲ့ အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းရန်သဘောတူ
DVB
·
April 27, 2018
အန်စီအေတွင် ကရင်နီတပ်ဖွဲ့ အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းရန်သဘောတူ
Donate to DVB

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိသွားပါတယ်။

ဧပြီ ၂၆ ရက်​​က စတင်​ပြီး ကယားပြည်နယ်၊ လွိုင်​​ကော်​မြို့မှာ နှစ်ရက်​ကြာ​ ဆွေး​နွေးခဲ့တဲ့ ကေအန်​ပီပီနဲ့ အစိုးရ ငြိမ်းချမ်း​ရေး​ကော်​မရှင်​တို့ တရားဝင်​​တွေ့ဆုံ​ပွဲမှာ သဘောတူညီခဲ့တာလို့ ဆွေး​နွေးပွဲအပြီး ထုတ်ပြန်တဲ့  နှစ်​ဖက်​ ပူးတွဲ​ကြေညာချက်မှာဖော်ပြပါတယ်​။

အန်စီအေ လက်မှတ်မထိုးခင် နှစ်ဖက်တပ်ဖွဲ့တွေ သွားလာမှု၊ ဆက်သွယ်မှု ပြည်နယ်အဆင့်မှာ ညှိနှိုင်းရေးကိစ္စ၊ ပြည်နယ်အစိုးရနဲ့ ကေအန်ပီပီတို့အကြား ပုံမှန်ဆွေးနွေးညှိနှိုင်းဖို့၊ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ ဆက်ဆံရေးတာဝန်ခံတွေ ပြန်ထားရှိဖို့အပြင်  တပ်ပိုင်း ဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီးလည်း ဆက်လက်ဆောင်ရွက်ဖို့ စတာတွေ သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်​နယ်​အဆင့်နဲ့ ဒေသအဆင့် ပူးတွဲ​စောင့်ကြည့်ရေး လူ့အခွင့်​အ​ရေးဆိုင်​ရာ ​စောင့်ကြည့်လေ့လာ​ရေး၊ မူးယစ်​​ဆေးဝါး၊ သစ်​​တောပြုန်းတီးမှု၊ လူကုန်​ကူးမှုနဲ့ တပ်​ပိုင်းဆိုင်​ရာ စတဲ့ ကိစ္စ​တွေကိုလည်း ​ဆွေး​နွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရဘက်က ဦးဆောင်တက်ရောက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအလယ်ပိုင်းကနေ အောက်ပိုင်းတစ်ခုလုံး ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပနိုင်ဖို့ အလားအလာ ရှိ၊ မရှိကို အဆုံးအဖြတ်ပေးမယ့် ဆွေးနွေးပွဲဖြစ်မယ်လို့ မနေ့က ပြောပါတယ်။

“ဒီကနေ့ ဆွေးနွေးပွဲက ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် အားတက်ဖွယ်ရာ ရလဒ်တွေ ထွက်ပေါ်လာမလား၊ အရင်လိုပဲ မသဲမကွဲ၊ မရေမရာ အခြေအနေတွေပဲ ထွက်ပေါ်လာမလား ဆိုတာကတော့ ဒီကနေ့ စားပွဲဝိုင်းမှာ ရောက်ရှိနေကြသူ အားလုံးနဲ့ သူတို့ရဲ့ စိတ်ရင်း စေတနာအပေါ်မှာ မူတည်နေပါတယ်၊ ဒီကနေ့ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအလယ်ပိုင်းကနေ အောက်ပိုင်းတခုလုံး ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပနိုင်ဖို့ အလားအလာ ရှိ၊ မရှိကို အဆုံးအဖြတ် ပေးတော့မှာ ဖြစ်ပါတယ်”

ကယားပြည်နယ် ပြည်သူလူထုအတွက် အထူးပဲ လိုလားတောင့်တနေတဲ့ အရေးကြီးလှတဲ့ သမိုင်းမှတ်တမ်းဝင် ဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အန်စီအေ လက်မှတ်ထိုးလိုက်တာနဲ့ လက်နက်တွေ အပ်နှံရမယ်ဆိုတာမျိုး ထင်ယောင်ထင်မှား ဖြစ်နေတာတွေလည်း ရှိတယ်၊ တကယ်တော့ အန်စီအေ ဆိုတာ လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ပွားဖို့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲလိုက်ပြီး ရပ်စဲလိုက်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ် ခိုင်မာအောင် စနစ်တကျ ဆောင်ရွက်ခြင်းဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကနေပြီးတော့ နိုင်ငံရေး ပြဿနာတွေကို ညှိနှိုင်းအဖြေရှာနိုင်ဖို့ အစပျိုးလိုက်ခြင်းပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အစိုးရနဲ့ ကေအန်ပီပီတို့ရဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲကို ဧပြီ ၂၆ရက်နဲ့ ၂၇ရက်မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြုလုပ်နေပြီး ကေအန်ပီပီဘက်ကတော့  ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဘီထူး ခေါင်းဆောင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်​လ ၇ ရက်​​က ရန်​ကုန်​မြို့၊ အမျိုးသားပြန်​လည်​သင့်မြတ်​​ရေးနဲ့ ငြိမ်းချမ်း​ရေး ဗဟိုဌာနမှာ ပြုလုပ်​ခဲ့တဲ့ ​ကေအန်​ပီပီကိုယ်​စားလှယ်​​တွေနဲ့ အစိုးရ ငြိမ်းချမ်း​ရေး​ကော်​မရှင်​တို့ အလွတ်​သ​ဘော ​ဆွေး​နွေးပွဲပြီး​နောက်​ အခုလို တရားဝင်​​ဆွေး​နွေးပွဲကို ပြုလုပ်​​တာဖြစ်​ပါတယ်​။

ဒီ​ဆွေး​နွေးပွဲမှာ ပြည်​နယ်​တွင်း​က ဒေသခံ နိုင်​ငံ​ရေးပါတီ​တွေက ကိုယ်​စားလှယ်​​တွေ၊ အရပ်​ဘက်​အသင်းအဖွဲ့ ကိုယ်​စားလှယ်​​တွေ၊ ဘာသာ​ရေးအဖွဲ့အစည်း ​ခေါင်း​ဆောင်​​တွေနဲ့ အန်စီအေ လက်​မှတ်​​ရေးထိုးထားပြီး တိုင်းရင်းသားလက်​နက်​ကိုင်​ အဖွဲ့​ကိုယ်​စားလှယ်​​တွေက ​လေ့လာသူအဖြစ်​ တက်​​ရောက်​​ခဲ့ပါတယ်​။

ကေအန်​ပီပီအ​နေနဲ့ ၂၀၁၂ ခုနှစ်​မှာ ပြည်​နယ်​အဆင့်နဲ့ ပြည်​​ထောင်​စုအဆင့်တွေမှာ အပစ်​အခတ်​ရပ်​စဲ​ရေး သ​ဘောတူ လက်​မှတ်​​ရေးထိုးထားတဲ့ တိုင်းရင်းသားလက်​နက်​ကိုင်​ အဖွဲ့ဖြစ်​ပြီး ညီညွတ်​​သော တိုင်းရင်းသားလူမျိုးများ ဖက်​ဒရယ်​​ကောင်​စီ(ယူအန်​အက်​ဖ်စီ) အဖွဲ့ဝင်​လည်း ဖြစ်​ပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013