DVB Logo
Home
မြန်မာသတင်း
အလုပ်အကိုင်ရမည့်​ ရင်း​နှီး​မြှုပ်နှံမှုများ​ ​ဒေါ်​အောင်ဆန်း​စုကြည် ဖိတ်​ခေါ်
DVB
·
June 14, 2012
အလုပ်အကိုင်ရမည့်​ ရင်း​နှီး​မြှုပ်နှံမှုများ​ ​ဒေါ်​အောင်ဆန်း​စုကြည် ဖိတ်​ခေါ်
Donate to DVB

နှစ်​ပေါင်း​ ၂၄ နှစ်အကြာ ပထမဆုံး​ ဥ​ရောပခရီး​စဉ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့​မှာ ​ရောက်ရှိ​နေတဲ့​  အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က အလုပ်အကိုင် ဖန်တီး​နိုင်မယ့်​ နိုင်ငံခြား​ ရင်းနှီး​မြှုပ်နှံမှု​တွေ မြန်မာနိုင်ငံကို လာ​ရောက်ကြဖို့​ ဖိတ်​ခေါ်လိုက်ပါတယ်။

ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ် အိုင်အယ်လ်အိုညီလာခံမှာ ဒီ​နေ့​မနက်က မိန့်​ခွန်း​ ​ပြောကြား​ရာမှာ ခုလို ဖိတ်​ခေါ်လိုက် တာဖြစ်ပြီး​ နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံသူ​တွေ အ​နေနဲ့​ နိုင်ငံတကာက လက်ခံတဲ့​ အလုပ်သမား​စံနှုန်း​တွေ လိုက်နာဖို့​၊​ သဘာဝပတ်ဝန်း​ကျင် မပျက်စီး​အောင် တာဝန်ယူဖို့​နဲ့​ မြန်မာလူထုအတွက် ​ရေရှည် အကျိုး​ရှိမယ့်​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဖြစ်ဖို့​လိုတယ် လို့​လည်း​ ​ပြောပါတယ်။

ဒါ့​ပြင် နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဟာ မြန်မာလူငယ်​တွေအတွက် ပညာရပြီး​ အကျိုး​ရှိမယ့်​ ရင်းနှီး​မြှုပ်နှံမှု​တွေ ဖြစ်​စေဖို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က အ​လေး​ထား​ ​ပြောကြား​သွား​ပါတယ်။

“မြန်မာပြည်ကိုလာကြဖို့​အား​လုံး​ကို ဖိတ်​ခေါ်ချင် ပါတယ်။ ရင်း​နှီး​မြှုပ်နှံမှု အခွင့်​အလမ်း​တွေကိုချည်း​ ကြည့်​ဖို့​ ဒါမှမဟုတ် အလုပ်သမား​ ပြဿနာ​တွေကို စုံစမ်း​စစ်​ဆေး​ဖို့​ မဟုတ်ပါဘူး​။ ကမ္ဘာတခုလုံး​အတွက် မြန်မာနိုင်ငံမှာ ဘယ်​လောက် အလား​အလာ​ကောင်း​တွေ ရှိသလဲဆိုတာ အကဲဖြတ်ပါ။ ကျမတို့​နိုင်ငံက လူငယ်​တွေဟာ ဒီ​လောက်​တောင် စိတ်ဓာတ်အား​မာန်​တွေ ရှိ​နေပါတယ်။ ရင်း​နှီး​မြှုပ်နှံမှု​တွေဟာ အကျိုး​အမြတ် ရှိရမယ်ဆိုတာ နား​လည်ပါတယ်။ ဒါ​ပေမယ့်​ ဒီအကျိုး​အမြတ်​တွေဟာ ရင်း​နှီး​မြှုပ်နှံသူ​တွေ​ရော မြန်မာပြည်သူ​တွေပါ မျှ​ဝေခံစား​ ရမယ်။ ကျန်တဲ့​ကမ္ဘာက ကျွမ်း​ကျင်မှု​တွေကို မြန်မာလူငယ်​တွေဆီ မျှ​ဝေနိုင်တဲ့​ ရင်း​နှီး​မြှုပ်နှံမှုမျိုး​ကို ဖိတ်​ခေါ်ချင်ပါတယ်။”

ဒါ့​ပြင် ထိုင်း​နိုင်ငံ​ရောက် မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေအ​ကြောင်း​ ထည့်​သွင်း​ပြောကြား​ခဲ့​ရာမှာ ထိုင်း​အစိုး​ရက​ရော မြန်မာအစိုး​ရကပါ ​ရွှေ့​ပြောင်း​ ​နေထိုင်သူ​တွေ ပြဿနာကို အခွင့်​အ​ရေး​အ​ခြေခံပြီး​ ချဉ်း​ကပ်တာမရှိတဲ့​အတွက် ထိုင်း​နိုင်ငံက ​ရွှေ့​ပြောင်း​အလုပ်သမား​တွေဟာလည်း​ မကြာခဏ အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရတာ​တွေ ရှိ​နေတုန်း​ပဲလို့​ပြောပါတယ်။

မြန်မာနိုင်ငံအ​ပေါ် ကန့်​သတ်ပိတ်ပင်မှု​တွေ ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ်က ရုပ်သိမ်း​ပေး​လိုက်တာနဲ့​ ပတ်သက်ပြီး​လည်း​ ဒီဆုံး​ဖြတ်ချက်ဟာ ပြီး​ခဲ့​တဲ့​နှစ်က မြန်မာနိုင်ငံမှာ အ​ကောင်း​ဘက် ​ပြောင်း​လဲခဲ့​တာ​တွေကို ထင်ဟပ်​နေတယ် လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​သွား​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ​ရောက်ရှိ​နေစဉ် ဆွစ်ဇာလန် ပါလီမန်မှာလည်း​ သွား​ရောက် မိန့်ခွန်း​ပြောကြား​ဖို့​ အစီအစဉ်ရှိပြီး​ ​သောကြာ​နေ့​မှာ​တော့​ ​နော်​ဝေနိုင်ငံကို သွား​ရောက်ဖို့​ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013