DVB Logo
Home
Lead Story
လုယက်သူတွေပေးတဲ့ ဒုက္ခ
DVB
·
April 27, 2018
လုယက်သူတွေပေးတဲ့ ဒုက္ခ
Donate to DVB

ကမ္ဘာကြီးကို ဒုက္ခရောက်အောင် လုပ်နေကြသူများဟာ မျက်လုံးကန်းသူများ မဟုတ်ဘဲ နှလုံးသားကန်းသူများသာ ဖြစ်တယ်လို့ နိုင်ငံခြားစကားပုံတခုကို ဖတ်မိဖူးပါတယ်။ ကမ္ဘာတလွှားမှာ ဖြစ်ပျက်လာနေတဲ့ အကြမ်းဖက်မှုတွေ၊ ပြည်တွင်းစစ်ပွဲတွေ၊ ဆူပူမှုတွေကို ကြည့်လိုက်ရင်လည်း ကျန်းမာသန်စွမ်းတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါ စုံတဲ့သူတွေသာ အားကြိုးမာန်တက် ပြုလုပ်နေကြတာကို တွေ့နေရတော့ အဆိုပါစကားကို တွေးမိပါတယ်။ သာမန် ဒုက္ခိတဖြစ်တဲ့သူတွေကြောင့် သာယာဝပြောတဲ့ လူ့လောကကြီးဟာ အကျည်းတန် ရုပ်ပျက်မှု မဖြစ်ပါဘူး။ စိတ်ဓာတ်ကြမ်းတမ်းတဲ့ သူတွေကြောင့်သာ လူ့လောကရဲ့ဟန်ချက် ပျက်စီးစေတာကို မြင်နေရပါတယ်။

လောကကြီးရဲ့ ပင်ကိုသဘာဝက ကြီးနိုင်ငယ်စားပါ။ ဒါကို မိမိရပ်တည်ရေးအတွက် ခုခံနိုင်တဲ့သူတွေက ရှင်သန်ပြီး တာရှည်မထိန်းသိမ်းတတ်ရင်တော့ လောကကြီးက ပျောက်ကွယ်သွားတတ်ပါတယ်။ ကျနော်တို့ပြောနေတဲ့ ဂေါ်ဇီလာဆိုတဲ့ သတ္တဝါတွေဆိုရင် ကြီးမားလှပေမယ့် ကမ္ဘာပေါ်က မျိုးတုံး ပျောက်ကွယ်သွားကြတာဟာ အကောင်ကြီးတိုင်းလည်း မဟုတ်ပေဘူး။ တာရှည်ခံနိုင်ရည်ရှိအောင် ထိန်းသိမ်းနိုင်မှသာ လောကကြီးမှာ ရှင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ ဒါဟာ သက်ရှိတို့ရဲ့ ဇီဝဖြစ်စဉ်လည်း ဖြစ်ပါတယ်။

အဲဒီလို ရှင်သန်နေတဲ့ သတ္တဝါတွေထဲမှာမှ လူဆိုတာ အဆင့်မြင့်တဲ့ သတ္တဝါဖြစ်ပြီး တခြား သတ္တလောကကို ကြီးစိုးနိုင်တာဟာ အသိဉာဏ်သာလို့ပါ။ အသိဉာဏ်အရာမှာ သာတဲ့အတွက် ရှင်သန်ဖို့ နေထိုင်နည်းကို ပိုပြီးသိကြတော့ တခြားသတ္တဝါတွေကို ချုပ်ကိုင်နိုင်စွမ်း ရှိပါတယ်။ နောက်ပြီး လူ့သမိုင်း ဖြတ်သန်းပုံ အဆင့်ဆင့်အရ နောက်ဆုံးမှာ မိမိကိုယ်ကို ဖြည့်ဆည်းလာခဲ့တဲ့လူတွေမှာ တိရစ္ဆာန်များနှင့် မတူတဲ့ အချက်တွေက မေတ္တာ၊ မုဒိတာ၊ စေတနာ၊ ဥပေက္ခာ စတာတွေပါ။ ဒီတရားမျိုးတွေ ရှိတဲ့အခါ လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းလှပပြီး ဒီတရားမျိုးတွေ မရှိတော့ရင် အဆင့်နိမ့်တဲ့ သတ္တဝါတွေလိုပဲ တိုက်ကြ၊ ခိုက်ကြ ဖြစ်လာပါတော့တယ်။

စစ်ပွဲတွေရဲ့ အခြေခံကို ကြည့်လိုက်ရင် ရှိပြီးသားလူက ပိုပြီးလိုချင်လို့ ဖြစ်ရတဲ့ စစ်ပွဲနဲ့ မရှိတဲ့သူတွေက မခံနိုင်လို့ ဖြစ်ရတဲ့ စစ်ပွဲတွေပဲ ရှိပါတယ်။ ရှိပြီးသားလူတွေက ပိုလိုချင်လို့ တိုက်တဲ့စစ်ပွဲကို လောဘစစ်ပွဲ၊ မတရားစစ်ပွဲ စသည်ဖြင့် ရှုတ်ချကြပါတယ်။ မရှိတဲ့သူက မခံနိုင်လို့ ပြန်တိုက်တဲ့စစ်ပွဲကိုတော့ တရားသောစစ်ပွဲ။ တော်လှန်သောစစ်ပွဲလို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ ဖြစ်စဉ်ဟာ ရှုပ်ထွေးလာပြီးတဲ့နောက်မှာ တော်လှန်ရင်း အာဏာရှင်ဖြစ်သူတွေ၊ မရှိတာကနေ ရှိသွားပြီး ဘဝမေ့ကာ လောဘစစ်ပွဲကို ဆင်နွှဲကြတာတွေ အများကြီးကို တွေ့လာရပါတယ်။ လူ့လောကဖြစ်စဉ်ကို ကြည့်လိုက်ရင် လုတဲ့ကိစ္စမှာ အခြေခံတဲ့စစ်ပွဲတွေကို အများကြီး တွေ့ရပါတယ်။

နပိုလီယံက သူ့နယ်မြေတွေ အများကြီးရရှိလို့ အင်ပါယာချဲ့ထွင်တယ်။ လုတာပါပဲ။ ဟစ်တလာက ဥရောပတခွင် သိမ်းပိုက်ချင်တယ်၊ လုတာပါပဲ။ အင်္ဂလိပ်က ကမ္ဘာတဝက်လောက်ကို ကိုလိုနီ လုပ်ပစ်ခဲ့တယ်။ လုခဲ့တာပါပဲ။ တခြားသူတဦး၊ တခြားလူမျိုးတစု ပိုင်ဆိုင်တဲ့ စီးပွားဥစ္စာ၊ နယ်မြေ၊ အစားအစာ စတာတွေကို လုယက်တာဟာ မငြိမ်းချမ်းမှုကို ဦးတည်စေပါတယ်။ တဦးတယောက်က လုယက်ရင် တဦးနှင့် သက်ဆိုင်သောသူတွေက စိတ်ဆင်းရဲကြရတယ်။ အုပ်စုတခုက လုယက်ရင် အလုယက်ခံရတဲ့ အုပ်စုနှင့်ဆိုင်တဲ့ သူတွေက စိတ်ဆင်းရဲကြတယ်။ နိုင်ငံနှင့်ချီပြီး လုယက်လာရင်လည်း နိုင်ငံနှင့်ချီပြီး စိတ်ဆင်းရဲကြရပါတယ်။ ဒါဟာ လုယက်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။

ခုလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် တာရှည်ဖြစ်ပွားနေရတာဟာ သယံဇာတ ပေါများလွန်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတခုလို့တောင် ပြောနိုင်ပါတယ်။ အကြောင်းကတော့ သယံဇာတ ထွက်လွန်းတဲ့အခါ ထွက်လာသမျှကို ယူငင်ရောင်းစားမည့်သူတွေနှင့် ခွဲတမ်းပြန်လိုချင်တဲ့လူတွေရဲ့ လွန်ဆွဲပွဲကနေ လက်နက်ကိုင်ပြီး တိုက်ပွဲတွေ ဖြစ်လာကြတယ်လို့ မြင်လာပါတယ်။ အစ္စရေးလ်၊ စင်ကာပူတို့လို နိုင်ငံတွေမှာတော့ ရောင်းစားစရာ သဘာဝသယံဇာတ မရှိ၊ စိုက်ပျိုးစရာမြေ အလုံအလောက်မရှိတော့ နိုင်ငံသားတိုင်းက ခိုးယူလုယက်ဖို့၊ ယူငင်သုံးစွဲဖို့ထက် ဖြစ်မြောက်လာအောင် ကြိုးစားဖို့ လိုအပ်လာတာကြောင့် လူသားစွမ်းရည်တွေကို ပြိုင်တူဖြည့်လာတဲ့အတွက် ပညာနဲ့ ဦးဆောင်သော လူ့အဖွဲ့အစည်းတခုကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ခြွင်းချက်အနေနှင့်ကတော့ ဖြစ်မြောက်လာပြီးနောက်မှာတော့ အကျင့်ပျက် ခြစားမှုတွေ ဖြစ်လာရင်လည်း ထိရောက်စွာ အရေးယူမှုပြုတာတွေကို တွေ့ကြရပါတယ်။

နိုင်ငံတနိုင်ငံ မဖွံ့ဖြိုး၊ မတိုးတက်မှုရဲ့အကြောင်းမှာ သဘာဝသယံဇာတ၊ ပြည်တွင်းစစ်၊ တရားဥပဒေစိုးမိုးမှု မရှိခြင်း စတဲ့အချက်တွေက အဓိကကျပါလိမ့်မည်။ စစ်ဖြစ်နေတဲ့ဒေသမှာ ပညာကို တင်းပြည့်ကျပ်ပြည့် မသင်ရဘူးဆိုတာတော့ လူတိုင်းတွေးမိတဲ့ အတွေးပါ။ နောက်ပြီး တရားဥပဒေစိုးမိုးမှု မရှိရင်လည်း ပညာကို ပြည့်ဝစွာ လုံခြုံအေးချမ်းစွာ သင်နိုင်စွမ်း မရှိကြပါဘူး။ ဒီလို ယန္တရားမျိုးကို ရပ်တန့်နိုင်အောင် တာဝန်ရှိသူတွေက လုပ်မပေးနိုင်ခဲ့ရင် အနာဂတ်မှာ နိုင်ငံရေး၊ တိုင်းပြည်တိုးတက်ရေးကို လုပ်ဖို့အတွက်လည်း မလွယ်ကူလှပါ။ ခုလည်း တချို့ပြည်နယ်တွေမှာ အစိုးရအဖွဲ့ဝင်လူကြီး ဖြစ်နေတာတောင် NCA ကို သေချာမသိ၊ နိုင်ငံရေးအခြေအနေကို သေသေချာချာ နားမလည်တဲ့ လူကြီးတွေ ရှိနေပါတယ်။ ဒီလိုမျိုး ဒေသအခြေအနေကို နားမလည်တဲ့အခါ အုပ်ချုပ်ရေးယန္တရား ထိခိုက်လာပြီး ပြည်သူနှင့် ကင်းကွာလာတတ်ပါတယ်။ ဘယ်လောက်တော်တဲ့ အစိုးရဖြစ်စေ စေတနာမကောင်းရင် တိုင်းပြည်မတိုးတက်သလို ဘယ်လောက်ထိ စေတနာကောင်းတဲ့ အစိုးရဖြစ်စေ ပြည်သူနှင့် ကင်းကွာမှုများလာရင် တိုင်းပြည်ရဲ့အရွေ့ကို မဆောင်နိုင်ပါဘူး။ ဒါဟာ သဘာဝတရား တခုပါ။

နောက် ​လုယက်​တဲ့ ကိစ္စတခုက​တော့ မူးယစ်​​ဆေးဝါး ဖြန့်​ဖြူးပြီး စီးပွားရှာ​နေကြတဲ့ သူ​တွေရဲ့ လုပ်​ရပ်​ပါ။

ဖေဖော်ဝါရီ ၂၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’’sbazar news မှာ သတင်းတပုဒ် ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က နတ်မြစ်ကို လှေဖြင့်ကျော်လာပြီး ဆာလာအိတ်များနှင့် ဆေးပြားတန်ဖိုး တာကာ ၃၃ ကုဋေ ၆ သောင်း တန်ဖိုးရှိတဲ့ ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတပုဒ် ဖော်ပြခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့တွင်လည်း မောင်တောမြို့တွင် ကျပ်သန်းပေါင်း ၂ ဒသမ ၆၃ ဘီလီယံတန်ကြေးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေ တက်လာပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်က လည်ပတ်နေဆဲဖြစ်ပြီး အစိုးရဘက်မှလည်း ယခုထိ ပင်ရင်းဒိုင်တွေကို ဖမ်းမမိနိုင်သေးကြောင်း တွေ့မြင်ရပါတယ်။

ယင်းကဲ့သို့ ငွေကြေးပမာဏ မြောက်မြားစွာ လုပ်ဆောင်နေသည့်သူများမှာ သာမန် ဆင်းရဲမှုကနေ ထွက်ပေါက်အဖြစ် လုပ်သူများမဟုတ်ဘဲ ငွေပင်ငွေရင်းများစွာ စိုက်နိုင်သူများ ဖြစ်ပါလိမ့်မည်။ ဒီလိုမျိုး လုပ်ရပ်တွေကြောင့်လည်း မြန်မာနိုင်ငံ တနံတလျား လူငယ်လူရွယ် များစွာ ပျက်စီးနေကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ ဘယ်လောက်ပဲ ဖမ်းဆီးခံရပြီး ဆုံးရှုံးမှု များနေပါစေ၊ ဆက်လုပ်နေကြဆဲ၊ နယ်စပ်ဂိတ်များကို ကျော်ဖြတ်နေဆဲ။

ယင်းကဲ့သို့ ဝိသမလောဘနှင့် ငွေကြေးရှာဖွေသူများမှာလည်း လူငယ်လူရွယ်များ၊ မိသားစုပေါင်းများစွာတို့ဆီမှ ပိုက်ဆံများကို သွယ်ဝိုက်သောအားဖြင့် လုယက်နေကြသူများသာ ဖြစ်ပါတယ်။ သူတို့နေထိုင်သော တိုက်တာအဆောက်အအုံ၊ အကောင်းဆုံးသော ဇိမ်ခံကားများ၊ အကောင်းဆုံးသော လောကစည်းစိမ်များကို ရရှိခံစားဖို့ လူသာမန်တို့၏ ဘဝများစွာဆီက မျက်ရည်များ၊ ငွေကြေးများ၊ အသက်များကို လုယက်နေသူများသာ ဖြစ်ပါတယ်။ နိုင်ငံတော်မှ တာဝန်ရှိသူများအနေဖြင့်လည်း ယခုထက် ပိုမိအောင် ပင်ရင်းများကို ဖမ်းမိအောင်အတွက် အကျင့်ပျက် ဝန်ထမ်းများကိုလည်း စောင့်ကြည့် အရေးယူရမှာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံ တိုးတက်ဖို့အတွက် နိုင်ငံသားကောင်းများစွာ လိုအပ်သလို ရာထူးရှိသူများကို ကပ်ခံကာ သာမန်ပြည်သူများ၊ မသိ နားမလည်သောသူများဆီမှ ပိုက်ဆံကို ခြွေယူနေကြသော၊ တဖက်လှည့်ဖြင့် လုယက်နေကြသူများကိုလည်း အစိုးရမှ ထိရောက်စွာ အရေးယူသင့်ပါတယ်။ ဘယ်သူသေသေ ငတေမာသော စိတ်ဓာတ်ပိုင်ရှင်များ များများရှိနေတဲ့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှု ဆိုတာလည်း မျှော်လေ ဝေးလေ ဖြစ်နေမယ့်အရာသာ ဖြစ်ပါတယ်။

ခု အစိုးရနှစ်ဆက် တက်တဲ့ထိလည်း အစိုးရလူကြီးများ၏ ပိုင်ဆိုင်မှုကို ပြည်သူကို မချပြနိုင်သေးတာဟာလည်း အဂတိကင်းရှင်းရေးအတွက် အတားအဆီးတခုလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။ လုယက်သူများ ကင်းဝေးတဲ့ တိုင်းပြည်တခု ဖြစ်လာအောင် စွမ်းဆောင်နိုင်သူများ စေတနာကောင်းဖြင့် စွမ်းဆောင်ကြဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ကျော်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013