မော်လမြိုင်မြို့ KTV ဆိုင်တွင် စိတ်ကြွမူးယစ်ဆေးပြား ၉၀၀၀ ကျော် ဖမ်းမိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ KTV ဆိုင်တခုအတွင်း စိတ်ကြွမူးယစ်ဆေးပြား ၉၂၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်မှုခင်းအကူဌာနစုရုံးက သိရပါတယ်။
မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ KTVဆိုင်တခုအတွင်းမှာ ဧပြီလ ၂၅ ရက်နေ့က ဇင်ကိုအောင် နဲ့ မဇူလိုင်ဦး တို့ကို သတင်းအရရှာဖွေခဲ့ရာ သူတို့ထိုင်နေတဲ့ ဆိုဖာဆက်တီနောက် အမှီပေါ်မှာ ဖယောင်းစက္ကူပါကင်အထုတ်နဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၂၀၀ ပြား ကာလတန်ဖိုး ငွေကျပ်သိန်း ၄၆၀၊ အစိမ်းရောင် စိတ်ကြွဆေးပြား ၈၅ ပြား ကာလတန်ဖိုး ငွေကျပ် ၄ သိန်း ၂ သောင်းကျော်တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပြည်နယ်မှုခင်းအကူဌာနစု ရဲအကူတပ်ဖွဲ့ခွဲမှ ရဲအုပ်ကျော်ဆန်းက “ကရင်ပြည်နယ်ဘက်ကနေ မွန်ပြည်နယ်ဘက်ကို သယ်ဆောင်နေတာ သတင်းရထားလို့ ကျနော်တို့ဘက်က အသွင်ယူပြီး ၀ယ်ခိုင်းခဲ့တာပါ။ ဒီဘက်က သိန်း ၁၀၀ ကျော်ဖိုးလောက် ဝယ်မယ်ပြောတော့ ဟိုတယ်တခုမှာ တွေ့ဖို့ သူတို့ဘက်က ပြောတယ်။ ဟိုရွှေ့ဒီရွှေ့လုပ်ပြီး KTV ဆိုင်ကို ရောက်နေတာသိတော့ အဲဒီကိုလိုက်သွားတာပါ။ အဲဒီဆိုင်ရောက်မှ ဆေးပါတယ်ဆိုတာ သိရတယ်။ အစကတော့ သိတော့သိတယ်၊ မျက်စိနဲ့ မမြင်ရသေးတော့ မသေချာဘူးဖြစ်နေတယ်။ သေချာပြီးဆိုမှ ခုလိုဝင်ဖမ်းလိုက်တာပါ” လို့ ပြောပါတယ်။
မြိုင်သာယာနယ်မြေရဲစခန်းက ဇင်ကိုအောင်နဲ့ ဇူလိုင်ဦးတို့ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု မူးယစ်ပုဒ်မ-၁၆ (ဂ)၊ ၁၉(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး











