DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်ပြန်ပို့
DVB
·
April 26, 2018
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်ပြန်ပို့
Donate to DVB

 

ကရင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းဆီကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်ဒုက္ခသည် မိသားစု ၃ စုကို ထိုင်းအာဏာပိုင်တွေက လက်မခံဘဲ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်တွေ အပါအ၀င် မိသားစု ၃ စုက လူဦးရေ ၁၆ ဦးဟာ ထိုင်းနယ်စပ်ရှိ မယ်ရာမို ဒုက္ခသည်စခန်းကို  ပြီးခဲ့တဲ့တပတ်က ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။

သူတို့အတွက် အစားအသောက် အခက်အခဲ ဖြစ်နေတဲ့အတွက် စခန်းတာဝန်ရှိသူတွေက တင်ပြရာမှာ ထိုင်းအာဏာပိုင်တွေက သိရှိသွားပြီး သူတို့ကို လက်မခံဘဲ ဒီကနေ့ ပြန်ပို့တာလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက်က (KPSN) ပြောခွင့်ရသူ နော်ဆာမူးက ပြောပါတယ်။

“သူတို့က လူသောမြို့နယ်ကလာတာ။ တိုက်ပွဲဖြစ်တော့ မယ်ရာမိုဒုက္ခသည်စခန်းမှာ ခိုလုံနေထိုင်ဖို့လာတာ။ စခန်းထဲရောက်တော့ စားဝတ်နေရေးအရမ်းခက်ခဲတယ်။ စခန်းတွင်းသူတို့ ဆွေမျိုးတွေနဲ့သွားနေတာ။ သူတို့လည်း စားနပ်ရိက္ခာက မလုံလောက်ဘူး။ ဒါကြောင့် စခန်း တာဝန်ရှိသူတွေကို ပြောပြတယ်။ စခန်းတာဝန်ရှိသူတွေကလည်း အန်ဂျီအိုအစည်းအဝေးမှာ တင်ပြဖို့ ထိုင်းတာဝန်ရှိသူတွေကို ပြောပြတယ်။ ထိုင်းတာဝန်ရှိသူတွေကို လက်မခံဘူး။ လူသစ် လက်မခံဘူးဆိုပြီးတော့ သူတို့ကို မြန်မာပြည်ဘက်ခြမ်း အီတူးထ ပြည်တွင်းစခန်းမှာ ပြန်ပို့တာ။”

ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကစပြီး အစိုးရစစ်တပ်ဖွဲ့တွေ ၀င်ရောက်လာတာကြောင့် ဖာပွန်ခရိုင် လူသောမြို့နယ်က လယ်မူပလောနဲ့ ခေးဘူးကျေးရွာအုပ်စုက ရွာပေါင်း ၁၆ ရွာက လူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်နဲ့ ကျန်းမာရေးအခက်အခဲတွေ ရင်ဆိုင်နေရ ပါတယ်။

မနေ့ကလည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်က ဖာပွန်ခရိုင် ဒုက္ခသည်တွေရဲ့အကြောင်းကို ရေးသားပြုထားတဲ့ “တကျော့ပြန် အိပ်မက်ဆိုး’ အစီရင်ခံစာ မိတ်ဆက်ပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှာ ပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ပွဲပျက်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013