DVB Logo
Home
မြန်မာသတင်း
အိုင်အယ်လ်အိုက မြန်မာအပေါ် ကန့်သတ်ချက်များ ရုပ်သိမ်း
DVB
·
June 14, 2012
အိုင်အယ်လ်အိုက မြန်မာအပေါ် ကန့်သတ်ချက်များ ရုပ်သိမ်း
Donate to DVB

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (အိုင်အယ်လ်အို)က မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက် အများစုကို ရုပ်သိမ်းကြောင်း ကြေညာလိုက်ပြီဖြစ်လို့ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရာမှာ အထူးအကျိုးစီးပွား ခံစားခွင့်တွေကို ရရှိလာနိုင်တော့မယ်လို့  အလုပ်သမားဝန်ကြီးဌာနက ဇွန် ၁၃ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုနဲ့ ကလေးစစ်သား စုဆောင်းမှုအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (အိုင်အယ်လ်အို) က ၁၉၉၉ ခုနှစ် ၈၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံနဲ့ ၂ဝဝဝ ပြည့်နှစ် ၈၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာဖြစ်ပြီး အဲဒါတွေကို ရုပ်သိမ်းတန်တာ ရုပ်သိမ်း၊ ဆိုင်းငံ့တန်တာ ဆိုင်းငံဖို့ ဆုံးဖြတ်လိုက်တာပါ။

အရပ်သားအစိုးရလက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ ဖြစ်ထွန်းတိုးတက်မှုတွေအပြင် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ မတိုင်ခင် အဓမ္မခိုင်းစေမှု ပပျောက်စေရမယ်လို့ ကြွေးကြော်ကတိပေးခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပေါ်တာခိုင်းစေမှု မလုပ်ဖို့နဲ့ ကလေးစစ်သား မစုဆောင်းဖို့နဲ့ ကျူးလွန်သူတွေကို အရပ်ဘက်ဥပဒေအတိုင်း အရေးယူမယ်လို့ ညွှန်ကြားထားတယ်လို့ အိုင်အယ်လ်အို အကြီးအကဲရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ကတိက၀တ်ပြု ပြောဆိုခဲ့အပြီး အခု အိုင်အယ်လ်အိုရဲ့ ၁၀၁ ကြိမ်မြောက် ညီလာခံမှာ အဲဒီ ကန့်သတ်ချက်တွေ ကို ရုပ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက်တွေကို အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ဝင် အစိုးရ၊ အလုပ်သမားနှင့် အလုပ်ရှင် ကိုယ်စားလှယ်တွေပါဝင်တဲ့ ဆုံးဖြတ်ချက်မူကြမ်း ရေးဆွဲရေး ကော်မတီ က ၂ဝ၁၂ ခုနှစ် ဇွန် ၆ ရက်နေ့မှ ဇွန် ၁၁ ရက်နေ့အထိ အသေးစိတ် လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြပြီးနောက် ဆုံးဖြတ်ချက် မူကြမ်းကို ၂ဝ၁၂ ခုနှစ် ဇွန် ၁၃ ရက်နေ့ ကျင်းပပြုလုပ်တဲ့ ၁ဝ၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ စုံညီအစည်းအဝေးသို့ တင်သွင်းခဲ့တဲ့အကြောင်းနဲ့ အဲဒီမူကြမ်းဟာ တခဲနက် ထောက်ခံမှုရခဲ့ပြီး  ဇွန် ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁ဝ မိနစ် (မြန်မာစံတော်ချိန် ည ၁ဝ နာရီ မိနစ် ၄ဝ) တွင် ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာအပေါ်ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်း၊ ဆိုင်းငံ့တာတွေ အပြင် အိုင်အယ်လ်အိုက  မြန်မာနိုင်ငံအပေါ် နည်းပညာ အကူအညီများ ဦးစားပေး ဆောင်ရွက်ပေး သွားဖို့နဲ့ လိုအပ်တဲ့ ဘဏ္ဍာငွေ အရင်းအမြစ်များကို အဖွဲ့ဝင်နိုင်ငံများနဲ့ အဖွဲ့အစည်းများက ထည့်ဝင်ကြရေး၊ အစိုးရက သတ်မှတ် ရည်မှန်း ကာလထက်စောပြီး  အဓမ္မစေခိုင်းမှု ပပျောက်စေရန် ပူးတွဲ မဟာဗျူဟာကို အလျင်အမြန် အကောင်အထည်ဖော်ရန်ဆိုတာတွေလည်း ပါဝင်ပါတယ်။
အိုင်အယ်လ်အိုရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံက ဥရောပသမဂ္ဂနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ အခွင့်အလမ်း ပွင့်လာဖွယ်ရှိနေပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာအပါအ၀င် ဖွံ့ဖြိုးမှုအနည်ဆုံး နိုင်ငံတွေကို ခံစားခွင့်ပေးတဲ့ အထူးအကျိုးစီးပွား ခံစားခွင့်ကို ပေးအပ်ထားပေမယ့် အိုင်အယ်လ်အိုက ကန့်သတ်ထားတဲ့အတွက် မြန်မာပြည်က ခံစားပိုင်ခွင့် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ အခုတော့ အိုင်အယ်လ်အိုကပါ ဖြေလျော့လိုက်ပြီဖြစ်လို့ ဥရောပသမဂ္ဂနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းလို၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလို ကဏ္ဍတွေမှာ အခွင့်အလမ်းသာလာမှာဖြစ်ပါတယ်။

၁ဝ၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့ ဦးဆောင်ပြီး အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပါတယ်။

မေ ၃၀ ကနေ ဇွန် ၁၄ ရက်ထိ ကျင်းပတဲ့ အိုင်အယ်လ်အိုညီလာခံမှာ အဖွဲ့ဝင်နိုင်ငံ ၁၈၅ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ကွန်ဖရင့်ပိတ်ပွဲမှာ ဖိတ်ကြားခံရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013