DVB Logo
Home
ဆောင်းပါး
ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဘယ်အသင်းရောက်မလဲ
DVB
·
April 25, 2018
ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဘယ်အသင်းရောက်မလဲ
Donate to DVB

ဥရောပ ကလပ်အသင်းတွေရဲ့ ဘောလုံးရာသီ ပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ပြိုင်ပွဲတွေကလည်း နေ့စဉ်နဲ့အမျှ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနေပါတယ်။ ဥရောပရဲ့ ကလပ်အသင်းပြိုင်ပွဲတွေထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဒီအပတ်ကျင်းပမှာဖြစ်ပြီး ဧပြီ ၂၆ ရက် မနက် ၁း၁၅ နာရီမှာတော့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့ တွေ့ဆုံယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အစဉ်အလာအားသာတဲ့ ရီးရဲလ်ကို ဘိုင်ယန် ကျော်ဖြတ်နိုင်ပါ့မလား

ဧပြီ ၂၆ ရက် မနက် ၁း၁၅ မှာ ယှဉ်ပြိုင်မယ့် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့ပွဲစဉ်ကတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲကြီးပွဲကောင်း ဖြစ်လာဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ အသင်းလိုက် စွမ်းဆောင်ရည်နဲ့ ကစားပုံ တည်ငြိမ်မှုရှိနေတာ တွေ့ရပြီး ပြည်တွင်းအမှတ်ပေးချန်ပီယံဘွဲ့ ဆွတ်ခူးပြီးဖြစ်သလို ဂျာမန် ပိုကယ်ဖလားမှာလည်း နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်ထားပြီးဖြစ်လို့ ဖလားသုံးလုံး လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

ဘိုင်ယန်မြုးနစ်ဟာ ကွာတားဖိုင်နယ်မှာ စပိန် လာလီဂါကလပ် ဆီဗီလာကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့နိုင်၊ အိမ်ကွင်းမှာ ဂိုးမရှိသရေရလဒ်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်တွေအရတော့ ဘိုင်ယန်မြူးနစ်ဟာ ဆီဗီလာကို ရလဒ်ပိုင်းအရ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ တွေ့ရပါတယ်။

လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ကတော့ ကွာတားဖိုင်နယ်မှာ အီတလီထိပ်သီး ဂျူဗင်တပ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာ ၃ ဂိုး ပြန်ပေးရပြီး သရေကျမလိုဖြစ်နေရာက နောက်ဆုံးမိနစ်မှာရတဲ့ ပယ်နယ်တီနဲ့ ဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ပြည်တွင်း အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၅ မှတ်ထိ ကွာဟနေပြီး အဆင့် ၃ နေရာမှာပဲ ရပ်တည်နေနိုင်လို့ ဒီရာသီ အမှတ်ပေးဖလားရဖို့ မဖြစ်နိုင်တော့ဘဲ တလုံးတည်းသော မျှော်လင့်စရာ ဆုဖလားအဖြစ် ချန်ပီယံလိဂ်ဖလားပဲ ကျန်တော့တာ ဖြစ်ပါတယ်။ နည်းပြ ဇီဒန်းအတွက်လည်း အနာဂတ်နည်းပြနေရာ တည်မြဲရေးအတွက် ဒီဖလားတလုံးက အသက်တမျှ အရေးပါလှပါတယ်။

ဒီနှစ်သင်း ဥရောပအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံးငါးကြိမ်မှာ ဘိုင်ယန်မြူးနစ် အသာမရခဲ့ဘဲ ရီးရဲလ်က လေးပွဲအထိနိုင်ထားပြီး တပွဲ သရေကျထားပါတယ်။ ဒါကြောင့်လည်း အစဉ်အလာ အားသာမှုရှိတဲ့ ရီးရဲလ်မက်ဒရစ်ပဲ ဒီတကြိမ်မှာလည်း အသာစီးရယူသွားနိုင်မလား ဆိုတာ စဉ်းစားစရာရှိပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ် အားလုံးနီးပါးမှာ ဂိုးရဖို့အတွက် တိုက်စစ်မှူး စီရော်နယ်ဒို တဦးတည်းအပေါ် မှီခိုနေရပြီး ရော်နယ်ဒို ပုံမှန်ခြေစွမ်းမရလို့ ဂိုးမသွင်းနိုင်ရင် နိုင်ပွဲရဖို့ ရုန်းကန်ရတတ်တာ တွေ့ရပါတယ်။

ဒဏ်ရာရ ပွဲပယ် ကစားသမားအနေနဲ့ ရီးရဲလ်မက်ဒရစ်မှာတော့ အထွေအထူးမရှိဘဲ အဓိက ကစားသမားတွေနဲ့ ပွဲထွက်နိုင်မှာဖြစ်ပေမယ့် ဘိုင်ယန်မှာတော့ အဓိကကွင်းလယ်လူ ဗီဒယ်နဲ့ ကိုးမန်းတို့ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အတွက် ဘိုင်ယန်ကွင်းလယ် အနည်းငယ် အားနည်းနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဥရောပ ထိပ်သီးနှစ်သင်းရဲ့ ဒီအဆင့်မှာ တွေ့ဆုံလာမှုက စိတ်လှုပ်ရှားဖွယ်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကလည်း အိမ်ကွင်းအားသာချက်နဲ့ အစဉ်အလာ ရလဒ်ဆိုးကနေ ရုန်းထွက် လက်စားချေနိုင်အောင် ကြိုးစားမှာဖြစ်သလို ရီးရဲလ်မက်ဒရစ်ကလည်း ဒီရာသီအတွက် တလုံးတည်းသော ဖလားမျှော်လင့်ချက်၊ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ကာကွယ်ဖို့ ရေကုန်ရေခန်း ယှဉ်ပြိုင်မှာ အသေအချာပါပဲ။

အသင်းကြီးတွေပီပီ တသင်းနဲ့တသင်း အမှားစောင့်ပြီး ထိန်းကစားလာနိုင်တဲ့အတွက် ဂိုးနည်းနည်းနဲ့ သရေကျသွားနိုင်သလို အနိုင်ရမယ့်အသင်းဆိုရင်တော့ နောက်ဆုံးလက်ကျန် ဖလားတလုံးအတွက် ဖောင်ဖျက် တိုက်ပွဲဝင်မယ့် လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ကိုပဲ ထင်မြင်မိပါတယ်။

စိုးကြည်သိန်း
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013