DVB Logo
Home
မြန်မာသတင်း
တရားရုံးကို ဖိနပ်ဖြင့်ပေါက်သည့်ရှေ့နေ ရုံးထုတ်တွင် မူးလဲသဖြင့် ဆေးရုံတင်ထားရ
DVB
·
April 25, 2018
တရားရုံးကို ဖိနပ်ဖြင့်ပေါက်သည့်ရှေ့နေ ရုံးထုတ်တွင် မူးလဲသဖြင့် ဆေးရုံတင်ထားရ
Donate to DVB

 

တရားရုံးကိုဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေဦးဇော်ဝင်းဟာ  ဒီနေ့ မနက်က ပြည်​ကြီးတံခွန်​မြို့နယ်​တရားရုံးမှာ တတိယအကြိမ်​ ရုံးထုတ်​​စစ်​​ဆေးနေစဉ် တရားခွင်မှာ မူးလဲတဲ့အတွက် မန္တလေးဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရပါတယ်။

နိုင်ငံတော် အကြည်အညို ပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ရှေ့နေဦးဇော်ဝင်းဟာ ကျန်းမာ​ရေး မ​ကောင်းတဲ့အတွက်​ အနား​ပေးဖို့ ​​မြို့နယ်​တရားသူကြီးထံ ​တောင်းခံခဲ့​ပေမယ့်လည်း မြို့နယ်​ တရားသူကြီးက အနားမ​ပေးဘဲ ဆက်​လက်​စစ်​​ဆေးခဲ့တာ​ကြောင့် တရားခွင်​အတွင်းမူးပြီး လဲကြ ခဲ့တာ​ကြောင့် မန္တ​လေးပြည်​သူ့​ဆေးရုံကြီးအ​ရေး​ပေါ်ဌာနမှာ အတွင်းလူနာအဖြစ် ​တင်​ထားရ တာပါ။

၂၀၁၇ကုန်​​ဈေးနှုန်းကျဆင်း​ရေးလှုပ်ရှားသူ ကိုသိန်း​အောင်​မြင့်က “တရားရုံးစစ်​​ဆေး​နေချိန်​မှာ တရားခွင်​တံခါး​တွေကို ဝင်​​ပေါက်​တခုသာ ဖွင့်ပေးပြီး ကျန်​တဲ့တံခါးမှန်​တခါး​တွေ ပိတ်​၊ လိုက်​ကာ​တွေပါချပြီး ပိတ်​ထားခဲ့တာကြောင့် အခန်းတွင်းမှာ ​လေဝင်​​လေထွက်​ မ​ကောင်းလို့ အခုလို မူးလဲပြီး သတိ​မေ့ သွားတဲ့အထိ ဖြစ်​သွားရတယ်။ မလိုလားအပ်​တဲ့ ပြ​ဿနာ​တွေဖြစ်​ရတာပါ။ တကယ်​ဆို ဒီအမူဟာ လူသတ်​မှုလည်းမဟုတ်​ မုဒိမ်းမှုလည်းမဟုတ်​ ရာဇဝတ်​မှုလဲမဟုတ်​ဘဲနဲ့ အခုလိုမျိုး တံခါးအားလုံးပိတ်​ပြီး အမှုစစ်​​ဆေး​နေတာ​တွေဟာ လွတ်​လပ်​​သောတရားစီရင်​​ရေးအတွက်​ ​မေးခွန်းထုတ်​စရာ ဖြစ်​​နေတယ်​”လို့ ​ပြောပါတယ်​။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံး တရားခွင်စစ်ဆေးပြီးချိန်မှာ တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ အတွက်  ရှေ့နေဦးဇော်ဝင်းကို မတ်လ ၂၁ ရက် ည ၁၁ နာရီက နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီးခဲ့ပါတယ်​။

ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တရားလို ပြုလုပ်ပြီး မတ်လ ၂၀ ရက်မှာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားရုံးဦးတိုက်လျှောက်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ပေးခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး မတ်လ ၂၂ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် တရားရုံး မှာ ရမန်ယူခဲ့ပြီး မတ်​လ ၂၈ ရက်​​နေ့ကို ဒုတိယအကြိမ်​ချိန်းဆိုခဲ့ပါတယ်​။

ရှေ့နေဦးဇော်ဝင်းက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ မတ်လ ၁၅ ရက်က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်တာကြောင့် တရားခွင်စစ်ဆေးပြီးချိန်တွင် တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာပါ။

ဖိနပ်နဲ့ ပစ်ပေါက်တဲ့အတွက် တွဲဘက်တရားသူကြီး ဒေါ်အေးယုမွန်ရဲ့ တိုင်ကြားချက် ကြောင့် မတ်လ ၁၆ ရက်က ဦးဇော်ဝင်းကို  ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ (ပ)၁၆၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်​မ ၂၉၄/၃၅၃/၂၂၈/၅၀၆ တို့နဲ့လည်း ထပ်ပြီး အမှုဖွင့်လိုက်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013