DVB Logo
Home
မြန်မာသတင်း
မီးခိုးငွေ့မွှန် အသက်ရှူကျပ် လူနာ ၁၃ ဦး  လှိုင်သာယာဆေးရုံ၌ တက်ရောက်ကုသမှုခံယူ
DVB
·
April 25, 2018
မီးခိုးငွေ့မွှန် အသက်ရှူကျပ် လူနာ ၁၃ ဦး  လှိုင်သာယာဆေးရုံ၌ တက်ရောက်ကုသမှုခံယူ
Donate to DVB

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် မီးခိုးငွေ့မွှန် အသက်ရှုကျပ်ဖြစ်ပြီး ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းထိ  လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ လူနာ ၁၃ ဦးနဲ့ ပြင်ပလူနာ ၃ ဦး တက်ရောက် ကုသမှုခံနေရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။

ထိန်ပင်အမှိုက်ပုံမှာ ဆက်လက်လောင်ကျွမ်းတဲ့မီးကြောင့်   ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်တို့ရှိ မြို့နယ် (၇) မြို့နယ်သို့ မီးခိုးငွေ့တွေ ပျံ့နှံ့ခဲ့တာကြောင့်  ပြည်သူလူထုတွေရဲ့ ကျန်းမာရေးထိခိုက်မှုနဲ့ ကြုံတွေ့နေရတာပါ။

လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မီးလောင်ပြင်နဲ့ နီးစပ်တဲ့  လှိုင်သာယာမြို့နယ်ရှိ ကျုံစုအလယ်ရွာ၊ ရွှေလင်ပန်းကျေးရွာ၊ ၂၂/ အလယ်ရွာ၊ ကံလှကျေးရွာ၊  (၂၀)ရပ်ကွက်နဲ့ (၁၈)ရပ်ကွက်တို့မှာ ကျန်းမာရေး စောင့်ရှောက်မှု ယာယီဆေးခန်းတွေ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့လည်း သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်မှုတွေ၊ မီးခိုးငွေ့ကြောင့် ပြည်သူလူထုကျန်းမာရေး ထိခိုက်နိုင်မှုအခြေအနေတွေ၊ မီးခိုးငွေ့ပျံ့နှံ့မှု ပိုမိုဆိုးရွားလာပါက ပြည်သူလူထုကို ဘေးလွတ်ကင်းရာ ယာယီစခန်းတွေကို ရွှေ့ပြောင်းရတဲ့အခါ လိုအပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရန်ဖို့အတွက် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊   ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိတွေဟာ မီးလောင်တဲ့နေရာမှာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေပါတယ်။

ထိန်ပင်အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်ကစပြီး ဒီကနေ့ထိ ၅ရက်ကြာ မီးလောင်မှု ဆက်လက် ဖြစ်ပွားနေပြီး ရန်ကုန်မြို့ပေါ် နေရာနှံ့အပြားမှာလည်း မီးခိုးညှော်နံတွေ ပျံ့နှံရောက်ရှိနေတာ ဖြစ်ပါတယ်။

အမှိုက်ပုံကထွက်လာတဲ့ မီးခိုးတွေကို နေရာ ၄နေရာမှာ ၂၄ နာရီတိုင်းတာ ဓာတ်ခွဲစမ်းသပ်ကြည့်ရာမှာ   နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုက စံချိန်စံညွှန်းထက်နည်းပေမယ့် မီသိန်းဓာတ်ငွေ့ပါဝင်မှုက စံချိန်စံညွှန်းထက်များတာ တွေ့ရတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်အင်ဂျင်နီယာချုပ် ဒေါက်တာအောင်မြင့်မော်က ဒီဗွီဘီကို ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့  မီးခိုးငွေ့တွေနဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မီးခိုးငွေ့တွေကြောင့် ချောင်းဆိုး၊ လည်ချောင်းယား၊ မျက်စိစပ်၊  အသက်ရှုကြပ်၊ ရင်ဘတ်အောင့်၊ ခေါင်းကိုက်၊ အော့န်တာတွေဖြစ်နိုင်ပြီး ကာဗွန်မိုနောက်ဆိုက်ဒ် ဓာတ်ငွေ့ အမြောက်အမြား ရှူမိရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-MH&S

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013