DVB Logo
Home
Lead Story
ရဲဘော်လှတင်အောင် (၃)
DVB
·
April 25, 2018
ရဲဘော်လှတင်အောင် (၃)
Donate to DVB

ထိုအချိန်က ကျနော်တို့ အဖမ်းခံရသည်မှာ ဘာအကြောင်းပြချက်မှ အခိုင်အလုံမရှိဘဲ သတင်းပေး မိန်းမယုတ်တယောက်၏ မမှန်သတင်းများနှင့် စစ်ထောက်လှမ်းရေး၏ ဘိန်းပစ်ဖမ်းသော အောက်လမ်းနည်းများကြောင့် ထောင် ၅ နှစ်ကျပြီး လွတ်လာသည့် ၄ လအကြာတွင် နောက်တကြိမ် အဖမ်းခံရသလို ရက်စက်ပြင်းထန်လှသော နှိပ်စက်မေးမြန်းမှုများကို အသက်အရွယ်၊ ကျန်းမာရေးနှင့် မတန်အောင်လည်း ခံလိုက်ရပါသည်။ ကိုလှရွှေ၊ ကိုမြစိန်၊ ကိုလှတင်အောင် စသော ရဲဘော်များမှာလည်း သူတို့ အသက်မွေးဝမ်းကျောင်းဖြင့် အေးအေးလူလူ နေထိုင်နေသည်ကို အဖမ်းခံလိုက်ရသဖြင့် ကိုလှတင်အောင်၏ ခံစားချက်များ ပြင်းထန်လာရသည်မှာလည်း အဆန်းမဟုတ်ပေ။ ရဲဘော်လှတင်အောင်သည် ထောင်ထဲမှ ရဲဘော်များနှင့် တသားတည်းနေ၏။ သူ့အိမ်မှ ပါဆယ်ပို့သမျှကို ရဲဘော်များနှင့်အတူ မျှဝေစား၏။ ကျနော်နှင့် တိုက်ခန်းထဲ အတူနေရ။ တယောက်နှင့် တယောက် ကျောချင်းကပ်၊ ရင်ချင်းအပ်၍ အတူအိပ်ရသောကြောင့် ကျနော်တို့နှစ်ယောက် မိလ္လာချောင်နားတွင် အတူအိပ်ရင်း သူ၏ ရဲဘော်များအပေါ် အနစ်နာခံမှု၊ ဒီမိုကရေစီတိုက်ပွဲအပေါ် အလေးအနက်ထားမှုတို့ကို ကျနော် ကောင်းကောင်း သိရှိခဲ့ပါသည်။ ထိုကဲ့သို့ ထောင်ထဲတွင် ပုဒ်မ ၁၀(က) ဖြင့် ၁ နှစ်ခွဲခန့် နေထိုင်စဉ်အတွင်းမှာပင် ၁၉၈၈ ဇွန်လမှစသော ဒီမိုကရေစီအရေးတော်ပုံကြီး အပြင်တွင် အပြင်းအထန် ဖြစ်ပွားနေခဲ့သည်။ သတင်းစာ မဖတ်ရ။ တိုက်ခန်းထဲတွင်သာ ပိတ်ထားသောကြောင့် အပြင်မှ အခြေအနေကို လုံးဝမသိရပေ။ ထောင်အာဏာပိုင်များ အပိုးကျိုးလာသော အခြေအနေကိုကား ကျနော်တို့ သတိထားမိသည်။ ဘာကြောင့်မှန်းကား မသိရ။ ကျနော်တို့ လွတ်ခါနီးတွင် ထောင်ပိုင် ဦးစိန်ဌေးက တခန်းဝင် တခန်းထွက်ကာ ကျနော်တို့ကို မမြဲသော သင်္ခါရတရားအကြောင်း လာဟော၏။ အဖမ်းရှိလျှင် အလွတ်ရှိကြောင်း၊ အမြဲဖမ်းထား၍ မရကြောင်း လာပြောသည့်အတွက် ကျနော်တို့ ရိပ်မိလာသည်။ အပြင်မှ အခြေအနေကို ဆေးရုံကြီးရှေ့၌ အစုအပြုံလိုက် အဖမ်းခံရသောသူများက လာပြောကြသဖြင့် သိလာသလို ထောင်ကြပ်ဝါဒါများ၏ တိုးတိုးတိတ်တိတ် ပြောပြသော သတင်းများကိုလည်း ကြားရလေသည်။ အပြင်မှ အခြေအနေမှာ ပြင်းထန်လာပါသည်။ ထောင်ကို ဝိုင်း၍ ဆန္ဒပြသော အသံများကို ကြားရသောအချိန်၊ ထောင်ကိုဝိုင်းသော လူအုပ်ကြီးကို ထောင်ဘူးဝမှ သေနတ်ဖြင့် ပစ်ဖောက်သော အသံများကို ကြားရသောအချိန်များတွင် ကျနော်တို့ လွတ်တော့မည်ကို သိလိုက်ရပြီး အလွန်မင်္ဂလာရှိသောအချိန်အဖြစ် ကြည်နူးဝမ်းမြောက်ရပါသည်။

စင်စစ် ရဲဘော်ရဲဘက်စိတ်ဓာတ် ဆိုသည်မှာ ထောင်ထဲတွင် အသိသာဆုံး ဖြစ်ပါသည်။ အသက်ပေးရသည့် အခြေအနေမျိုး၊ အငတ်ငတ် အပြတ်ပြတ် ဖြစ်ရသည့် အချိန်မျိုးတွင် သူတပါးအား ဘယ်လောက်အထိ စာနာသလဲဆိုသည့် ပေတံဖြင့် တိုင်းလျှင် ရဲဘော်ရဲဘက်စိတ်ဓာတ်ကို သိနိုင်ပါသည်။ ကိုကိုးကျွန်း အကျဉ်းထောင်မှာကတည်းက အစာငတ်ခံတိုက်ပွဲကို အတူတိုက်၊ ရှိသမျှကို မျှဝေစားသောက်ခဲ့ရသောကြောင့် တယောက်နှင့်တယောက် အနစ်နာခံရသည်ကို သံသယဖြစ်စရာ မလိုတော့ပေ။ ယခုလို ပါဆယ်ပြတ်ပြီး ထောင်ဝင်စာလည်း မရှိတော့သည့်ကာလတွင် ကျနော်တို့အချင်းချင်း သဘောပေါက်ကြ၏။ မန္တလေးမှ ကိုသက်တင်၊ ကိုတူး၊ ကိုကံချွန် စသော ရဲဘော်များနှင့် နေရသည်။ ရန်ကုန်မှ ကိုတင်ဝင်း ခေါ် ကိုဗိုဇင်ကော့တို့၊ ကိုဝင်းသူတို့နှင့် အတူနေရသည်။ ကျနော်တို့တတွေက အတွေ့အကြုံရင့်နေသော ရဲဘော်ကြီးများဖြစ်နေ၍ အနေအထိုင်၊ အပြောအဆိုကအစ သတိနှင့် နေရပါသည်။ ကိုလှတင်အောင်သည် ရဲဘော်ငယ်များအပေါ် လေးလေးစားစား၊ ရင်းရင်းနှီးနှီး ဆက်ဆံသလို ပြောဆိုဆုံးမစရာများကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆုံးမ၏။ ညနေ ၆ နာရီကျော်၍ တန်းစစ်ပြီးချိန်၊ ထမင်းစားပြီးချိန်တွင် ဂီတဆည်းဆာ စတင်သောအချိန်၌ တယောက်တပုဒ်စီ သီချင်းဆိုရသည်။ တပုဒ်ဆိုလည်း ရသည်။ နှစ်ပုဒ်ဆိုလည်း ရသည်။ ညအိပ်ချိန် ရောက်သည်အထိ ဆိုကြပါသည်။ ကိုလှရွှေ၏ အကောင်းဆုံးသီချင်းမှာ စန္ဒရကိန္ဒရီ ဖြစ်သလို ကိုလှတင်အောင်၏ အကောင်းဆုံးသီချင်းမှာ နှင်းပျောက်သောနွေ ဖြစ်ပါသည်။ ထိုသီချင်းကို သူက အသံကောင်းသည်၊ မကောင်းသည်ထက် ပတ္တလားဆရာ ဖြစ်သောကြောင့် စည်းဝါးကိုက်ကိုက် ဆိုသွားသောကြောင့် ကျနော်တို့ ကြည်နူးရခြင်း ဖြစ်ပါသည်။ ၁ နှစ်ခွဲအချိန်မှာ တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားပြီး အရေးတော်ပုံကြီးမှာလည်း ဇွန်မှစ၍ တဖြည်းဖြည်းနှင့် အရှိန်တက်လာပြီးသည့်နောက် ၁၉၈၈ ခု၊ ဇူလိုင် ၁၅ ရက်တွင် ကျနော်တို့အား လွှတ်ပေးခဲ့ပါသည်။

အပြင်လွတ်သွားပြီးနောက် ကျနော်တို့လည်း ဘဝရပ်တည်ရေးအတွက် ရုန်းကန်ရတော့သည်။ ကိုလှရွှေနှင့် ကိုလှတင်အောင်တို့က မွေးမြူရေးလုပ်ကြသည်။ နာရေး၊ သာရေးကိစ္စများတွင် ဆုံဖြစ်တတ်ကြပါသည်။ ယခုလို ထောင်ထဲ အတူတူနေခဲ့ရပြီးနောက် ကိုလှတင်အောင်လည်း ကျနော်တို့အိမ်သို့ မကြာခဏလာကာ နိုင်ငံရေးအကြောင်း ဆွေးနွေးတတ်ပါသည်။ ထို့နောက် ၈ ရက်၊ ၈ လတွင် ၈၈ အရေးတော်ပုံတိုက်ပွဲကြီး ပေါက်ကွဲသွားပြီးနောက် တနိုင်ငံလုံး၊ တကမ္ဘာလုံးကို ပြန့်သွားပါသည်။ မိမိတို့ရပ်ကွက်များ၊ ဌာနများမှနေ ပါဝင်ကာ ချီတက်ဆန္ဒပြပွဲများကို ဆင်နွှဲခဲ့ကြပါသည်။ ကျနော်တို့ တွေ့သည့်အခါ စစ်အာဏာရှင်စနစ် လုံးဝပြိုကျသွားရေးအတွက် အင်အားစုအားလုံး ညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းဖို့၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာတတ်ဓနရှင်ပေါက်စများ၊ လူလတ်တန်းစားများ စသဖြင့် အားလုံးစုပေါင်းကာ ခေါင်းဆောင်ရွေးချယ်၍ ဒီမိုကရေစီရအောင် ကြိုးပမ်းဖို့ ဆွေးနွေးဖြစ်ကြသည်။ ကိုလှရွှေကမူ အပြောကောင်း၊ အဟောကောင်း ဖြစ်သဖြင့် ဝင်းတင့်ထွန်းနှင့်အတူ လိုက်လံလှည့်လည် တရားဟောပြောခဲ့ပါသည်။ တိုက်ပွဲများ အားကောင်းမောင်းသန် ဖြစ်နေသည့်အချိန်မှာပင် စစ်အုပ်စုသည် အကျပ်အတည်းကို ထွက်ပေါက်အဖြစ် စက်တင်ဘာလတွင် အာဏာသိမ်းလိုက်ပါသည်။ ပါတီများ တရားဝင်ထူထောင်ခွင့်ပေးမည့်အကြောင်း၊ ၃ လအတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည့် အကြောင်း၊ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားသို့ ပြန်သွားမည့်အကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပေးမည့်အကြောင်း မစားရ ဝခမန်း ပြောသွားလေသည်။ စကားမတည်၊ ကတိမတည်၊ ယခင့်ယခင် အစဉ်အလာအရ ကတိဖျက်ခြင်း၊ သံသယကြီးထွားခြင်းများဖြင့် စစ်အာဏာရှင်တို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း ပါတီများကို ဖွဲ့စည်းထူထောင်ခွင့် ပေးလိုက်သော်လည်း တချို့က ထိုဖွဲ့စည်းထူထောင်ခွင့်ကို သံသယဖြင့် ယုံကြည်မှု အားနည်းခဲ့ကြပါသည်။ ကျနော်တို့သည် ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းခဲ့ကြ၏။ ဦးခင်မောင်မြင့်က ဥက္ကဋ္ဌ၊ ကိုလှရွှေက အထွေထွေအတွင်းရေးမှူး ဖြစ်၏။ ကိုလှတင်အောင်က ပါတီတွင် မပါဝင်ပေ။ ဦးခင်မောင်မြင့်ကို ကျနော် မေးကြည့်ရာတွင် အပြင်မှနေ ပါတီကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့မည်ဖြစ်ကြောင်း သူ့ကို ကတိပေးထားသည်ဟု ဦးခင်မောင်မြင့်က ပြောသည်။ ဘိုကလေး၊ ပျဉ်းမနား၊ မန္တလေးတွင် နေထိုင်သော ကျွန်းပြန်ရဲဘော်တချို့ကမူ ပါတီဖွဲ့စည်းလိုက်ခြင်းသည် ရန်သူကို ထင်သာမြင်သာဖြစ်အောင် ရပ်ပြလိုက်ခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရက တချိန် ဖိနှိပ်လာလျှင် မိမိတို့သည် ပစ်ကွင်းဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။ ဦးခင်မောင်မြင့်က မိမိတို့ ပစ်ကွင်းဖြစ်လာမှဖြစ်ရော စစ်အာဏာရှင်တို့၏သရုပ်ကို ဖွင့်ချပစ်ရမည်။ ထို့အတွက် အနစ်နာခံသင့်လျှင် ခံရမည်ဟု ကျနော်တို့ သဘောထားချင်း တူညီနေကြပါသည်။ ထို့ကြောင့် ဦးခင်မောင်မြင့်နှင့် ကျနော် သီးသန့်တွေ့ဆုံဆွေးနွေးရာတွင် (၁) လက်နက်ကိုင် ပါတီများနှင့် အဆက်အသွယ် မပြုလုပ်ရန် သဘောတူညီခြင်း၊ (၂) ယူဂျီမြေအောက်လုပ်ငန်းနှင့် မပတ်သက်ရန် သဘောတူညီခြင်း၊ (၃) ယခုရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲတွင် အနိုင်ရရှိသော မည်သည့်ပါတီမဆို လစ်ဘရယ်ဒီမိုကရေစီစနစ် အောက်တွင် ဘူဇွာဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးမည်ဖြစ်၍ အရင်းရှင်စနစ် လွှမ်းမိုးသော နိုင်ငံရေးအခင်းအကျင်းအောက်တွင် မိမိတို့ ပါဝင်လှုပ်ရှားရသည်ကို သဘောတူခြင်း စသော ဝိဟာရ မကွဲပြားသော သဘောတူညီမှုများအောက်တွင် ကျနော် ပါဝင်လှုပ်ရှားခဲ့ပါသည်။ ကိုလှတင်အောင်နှင့်လည်း တိုင်ပင်ခဲ့ရာ သူကလည်း သဘောတူပါသည်။ သူ၏ ကျန်းမာရေး အခြေအနေကြောင့် အပြင်မှနေ အကူအညီပေးမည်ဟုလည်း အလေးအနက် ကတိပေးခဲ့ပါသည်။ သူက ပါတီထဲပါသင့်၊ မပါသင့်သောသူများကိုလည်း သူက ဝေဖန်အကြံပေးလေသည်။ ဦးခင်မောင်မြင့်နှင့် သူသည် ညီအစ်ကိုလို ဖြစ်နေကာ သူ့ဆီမှ အကူအညီများ၊ အကြံဉာဏ်များကို ရရှိကြောင်း ဦးခင်မောင်မြင့်က ပြောပြပါသည်။

ကိုလှတင်အောင်၏ အလွန်လေးစားစရာ၊ အလွန်ချစ်စရာကောင်းသော စရိုက်တခုမှာ ပွင့်လင်းခြင်းနှင့် ရိုးသားခြင်း ဖြစ်ပါသည်။ သူ့အနေဖြင့် သူ မကြိုက်သည့် သဘောထား၊ သူ မကြိုက်သည့် လှုပ်ရှားမှုများကို တွေ့လျှင် မခြွင်းမချန် ပြောဆို၏။ မထောက်မညှာလည်း ဝေဖန်လေသည်။ ထိုသို့ဝေဖန်ပြောဆိုခံရသူသည် အစပိုင်း၌ နားမခံသာ ဖြစ်ချင်ဖြစ်နိုင်သည်။ သို့သော် သူပြောသည်မှာ အမှန်ဖြစ်သောကြောင့် ပြန်လည် တုံ့ပြန်ချေပနိုင်ခြင်းမရှိ ဖြစ်နေတတ်ပါသည်။ သူက ပွင့်လင်းစွာ ဝေဖန်ပြောဆိုသည်။ ထိုသို့ ပြောဆိုပြီးသည့်နောက် ထိုကိစ္စကို ဘယ်တော့မှ အာဃာတကြီးကြီးဖြင့် ထားမနေတတ်ပေ။ သူ ဝေဖန်ပြောဆိုပြီးလျှင် ထိုရဲဘော်နှင့် အဆက်ပြတ်သွားသည်ဟူ၍ မရှိပေ။ ချို့တဲ့သော ရဲဘော်များကို ကူညီထောက်ပံ့လေ့ရှိ၏။ သူသည် ချမ်းသာသူကား မဟုတ်ပေ။ သို့သော် ချို့တဲ့သော ရဲဘော်များကို ကူညီတတ်သည်ကား သူ၏စေတနာဟု ပြောရပေလိမ့်မည်။ သူနှင့် ခြံချင်းကပ်လျက်နေသူမှာ ကိုလှရွှေ ဖြစ်၏။ ကိုလှရွှေနှင့် သူမှာ တမြို့တည်းသား၊ ညီအစ်ကိုလို ရင်းနှီး၏။ ကိုလှရွှေတို့၊ ကိုလှကြည်တို့က သူ့ထက်စောပြီး သမဂ္ဂလောကထဲ ရောက်လေသည်။ နောက် သူနှင့် လမ်းတဖက်စီခြားပြီး နေသူမှာ ဆရာဗန်းမော်တင်အောင် ဖြစ်သည်။ ဆရာ့ကိုကား ကျနော်တို့ အမြဲလေးစားချစ်ခင်လေသည်။ ကျွန်းတွင် အတူနေထိုင်ခဲ့ရသလို အိမ်နီးချင်းဖြစ်၍ အမြဲထိတွေ့ဆက်ဆံခဲ့ရလေသည်။ ကိုလှတင်အောင် အချစ်ဆုံးနှင့် အလေးစားဆုံး။ စံအထားရဆုံး စာရေးဆရာဆိုလျှင် ဆရာဗန်းမော်တင်အောင်ကို ညွှန်ပြရပေလိမ့်မည်။

ထက်မြက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013