DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေတွင်းအလုပ်သမားများ အောင်ပွဲခံ
DVB
·
June 14, 2012
မိုးထိမိုးမိ ရွှေတွင်းအလုပ်သမားများ အောင်ပွဲခံ
Donate to DVB

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိတောင် ရွှေတွင်း အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ ကို အလုပ်ရှင်က ဒီနေ့ လိုက်လျောလိုက်ပါတယ်။ လုပ်သားတွေရဲ့ တောင်းဆိုချက်ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၊ အလုပ်ရှင်နဲ့ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တွေ ၂ ရက် ဆက်တိုက် ညှိနှိုင်းပြီးတဲ့နောက် အလုပ်သမားတွေ တောင်းဆို ထားတဲ့ အချက် ၆ ချက်ကို အချိန်ကာလ ကန့်သတ်ချက်နဲ့ လိုက်လျောခဲ့တာလို့ အလုပ်သမားခေါင်းဆောင် ကိုဌေးအောင်ကျော်က ပြောပါတယ်။

“အင်းအက်တာ (ရွှေတွင်း) တွေကို ယခင်အတိုင်း လုပ်ကိုင်ခွင့်ကို ၁ နှစ်၊ ဇုန်အသီးသီး ရှိ ကျောက်ကြိတ်စက်တွေ ယခင်အတိုင်း ကြိတ်ခွဲခွင့်ပြုဖို့ကို ၁ နှစ်၊ ထုံးကြီးတောင် ဒေသ ရှိ ရွှေလုပ်သားတွေ အစုခွဲခံစားခွင့်ဖြင့် ယခင်အတိုင်း လုပ်ကိုင်ခွင့်ပြုဖို့ကတော့ ၈ လခွဲ သတ်မှတ် သဘောတူလိုက်တာ။”

အင်းအက်တာတွေ၊ နစ်နာကြေး တောင်းခံထားသူတွေနဲ့ လုပ်ငန်းရပ်ဆိုင်းထားတဲ့ အချိန်အတွင်းမှာ အသေးစား ရွှေလုပ်ငန်းရှင်တွေနဲ့ မှီခိုလုပ်သားတွေကို မနက်ဖြန်ကစပြီးတော့ ၁ လအတွင်း နစ်နာကြေးပေးမှာလို့ ကိုဌေးအောင်ကျော်က ဆိုပါတယ်။

“သူတို့စာချုပ်ချုပ်ပြီးရင်တော့ တောင်ပေါ်ကို အောင်ပွဲနဲ့ပြန်တက်မှာပေါ့။ ကျနော်တို့ရဲ့ လိုလားနေတဲ့ လိုအပ်ချက်ကိုသာ တောင်းဆိုခဲ့တာဖြစ်တယ်၊ အားရကျေနပ်ပါတယ်။ ရွှေလုပ်သားတွေက တနှစ်ရလည်း တနှစ်ပေါ့၊ တနှစ်ပြီးသွားရင် နောက်ထပ်လုပ်ရမယ့် အလုပ်တွေကလည်း ရှိသေးတယ်။ စာချုပ်ချုပ်ပြီးတာနဲ့ ပြန်ကြမှာပါ။ လူပေါင်း ၃၀၀၀ လောက်ရှိပါတယ်။ မြို့ပေါ်မှာ ပြဿနာတက်လို့ အဖြစ်မခံပါဘူး။”

ဇုန်အသီးသီးရှိ ကျောက်ကြိတ်စက်များ ယခင်အတိုင်း ကြိတ်ခွဲခွင့်ကတော့ သတ်မှတ်ပေးထားတဲ့ ဇုန်တွေမှာ ရွှေ့ပြောင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။

နေ့လယ်ပိုင်းမှာတော့ တောင်းဆိုချက်တွေကို သဘောတူလတ်မှတ် ရေးထိုးဖို့အတွက် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လုပ်ဆောင်နေပြီလို့ သူက ဆက်ပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်တွေကို တနိုင်ငံလုံးအတိုင်းအတာအရ ၁ နှစ်သာ ချပေးလေ့ရှိပြီးတော့ နောက်မှ ထပ်မံ သက်တမ်းတိုးမြှင့်လုပ်ကိုင်ရတာလည်း ဖြစ်ပါတယ်။

မန္တလေးတိုင်း သတ္တုနဲ့ သစ်တောမှ ၀န်ကြီး ၁ ဦး၊ သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တခြား အရာရှိများ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်တို့က အလုပ်သမား ကိုယ်စားလှယ်များ ဖြစ်တဲ့ ကိုဌေးအောင်ကျော်၊ ကိုသက်လွင်၊ ဆရာကျောင်း ခေါ် ကိုသိန်းမြင့်နဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ၇ ဦးတို့နဲ့ ဆွးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ ပေးထားတဲ့ ကတိဖောက်ဖျက်မှုကြောင့် ဇွန်လဆန်းပိုင်း ကနေ စတင်ပြီးတော့ မိုးထိမိုးမိတောင်ပေါ်မှာ လူအင်အား ၁ သိန်းနဲ့ စတင် ဆန္ဒပြ ခဲ့တာဖြစ်ပြီးတော့ နေပြည်တော် အထိ ချီတက် လမ်းလျှောက်ကာ ရပိုင်ခွင့်တွေကို တောင်းဆို ဆန္ဒပြဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်ကို ချီတက်လာတဲ့ အလုပ်သမား ၂၀၀၀ ကျော်ကို ရမည်းသင်း ရွှေမြင်တင်ဘုရားမှာ လုံထိန်းတွေက ပိတ်ဆို့ထားခဲ့ပြီးနောက် အခုလို သဘောတူညီချက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013