ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေရဲ့ အားနည်းချက်တွေကြောင့်ဖြစ်ပြီး ဒါတွေကို ပြင်ဆင်ဖို့ အရေးအကြီးဆုံး အချိန်ကို ရောက်နေပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြားလိုက်ပါတယ်။
လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ခေါ်ယူထားတဲ့ လွှတ်တော်အစည်းအဝေးတွေ မှာ ပြည်ထောင်စု အစိုးရအနေနဲ့ ဒီဥပဒေတွေကို အမြန်ဆုံး ပြင်ဆင်ပြဋ္ဌာန်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြ ပြောဆိုလိုက်ကြတာပါ။
အထူးသဖြင့် လူဦးရေဖောင်းပွမှုနှုန်းများတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိကျတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ပြတ်သားတဲ့နယ်စပ်လုံခြုံရေးဥပဒေတွေ လိုအပ်နေတာလို့ အမျိုးသားလွှတ်တော် နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဖြစ်သလို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
“လဝကရဲ့ အများလိုက်နာနိုင်တဲ့ ရေရှည်ကိုမျှော်ကိုးတဲ့ ပြည်ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတခုဟာ အထူးသဖြင့် နယ်စပ်တွေ၊ အထူးသဖြင့် လူဦးရေဖောင်းပွတဲ့ နေရာတွေမှာရှိတဲ့၊ အထူးသဖြင့် ရခိုင်လိုဟာမျိုး၊ ရှမ်းပြည်လိုဟာမျိုးမှာ အင်တန်ကိုမှ တိကျခိုင်မာနဲ့ နယ်စပ်ဒေသနဲ့ ပတ်သက်တဲ့ဥပဒေ ရှိဖို့လိုတယ်။ အဲ့ဒီလိုပဲ နယ်စပ်ဒေသ စည်းကို ချနိုင်တဲ့ နယ်စပ်ဒေသကို စောင့်ကြပ် တဲ့ စနစ်ကောင်းတခုလိုတယ်။ လိုအပ်ရင် အုတ်တံတိုင်း ကာရလိမ့်မယ်။ အခုန ကျနော် တင်ပြခဲ့တဲ့ အချက်အလက်တွေကို ကျနော်တို့ဟာ လွှတ်တော်ထဲမှာ အခွင့်အရေး ရရင် ရသလို ကျနော်တို့က တင်ပြသွားမယ်၊ တောင်းဆိုသွားမယ်။ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့ ကျနော် ပြောချင်တယ်။”
အစိုးရအနေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းတာနဲ့အတူ ဒီဥပဒေတွေကို အကောင်အထည်ဖော်မယ့် အစိုးရ၀န်ထမ်းတွေကြား လာဘ်ပေးလာဘ်ယူကိစ္စတွေကိုပါ ပပျောက်အောင် တိုက်ဖျက်သွားဖို့လည်း အရေးကြီးတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုထားပါတယ်။
“ကျနော်တို့ရဲ့ နယ်စပ်ဒေသတွေ ဘင်္ဂလားဒေ့ရှ်မှာရော၊ အိန္ဒိယဘက်မှာရော၊ တရုတ်ဘက်မှာရော တဖက်က လူမျိုးတွေ ဝင်လာမှုကို ကျနော်တို့ မတားဆီးနိုင်တဲ့ ထဲမှာ အဓိကက ကျနော်တို့ အဲဒီရဲ့ လာဘ်ပေးလာဘ်ယူကိစ္စ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက နိုင်ငံသားဖြစ်မှုတွေအပေါ်မှာ လာဘ်ပေးလာဘ်ယူမှု အကြောင်းပြုပြီးတော့ နောင်ရေးကို မကြည့်တဲ့ ကိစ္စတွေက ခုထက်ထိ နိဂုံးမချုပ်နိုင်သေးဘူးလို့ ကျနော်ကတော့ အဲဒီ့အတိုင်းပဲ ယူဆတယ်လေ။ အဲဒါကြောင့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ဘက်က ဥပဒေတွေ ပြင်ဆင်မှု တင်လာမယ်ဆိုရင် ကျနော်တို့လည်း ကျနော်တို့ လေ့လာနားလည်ထားတဲ့ အနေအထားကနေ ဝင်ရောက်ပြီးတော့ ပါဝင်ဆွေးနွေးဖို့တော့ အဆင်သင့် ရှိပါတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စကို ကိုင်တွယ်ရင် ကျနော်တို့ နိုင်ငံထဲကို ကိုယ့်သွေးရင်းသားရင်း မဟုတ်တဲ့လူတွေ ဝင်လာတဲ့ဟာကို တစုံတရာ တားဆီးတဲ့နေရာမှာ အထောက်အကူ ရမှာကတော့ အသေချာပါပဲ။”
လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံသား ဥပဒေဟာ ၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင်လည်း အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက် ပုဒ်မတွေဖြစ်တဲ့ ၄၄၆၊ ၄၄၇ အရ ဆက်လက်ပြီးတော့ အာဏာတည်နေတဲ့ ဥပဒေတခုပါ။
ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေထဲမှာ ၁၈၂၃ ခုနှစ် မတိုင်မီ ကာလကတည်းက ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေကိုသာ နိုင်ငံသားအဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဘယ်မျိုးနွယ်စု ဟာ တိုင်းရင်းသားဖြစ်၊ မဖြစ်ကို နိုင်ငံတော်က ဆုံးဖြတ်နိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထား တာပါ။
မဟုတ်မမှန်ဖော်ပြပြီးတော့ ဒါမှမဟုတ် ဖုံးကွယ်ပြီးတော့ နိုင်ငံသားအဖြစ်ကို ရရှိထားတယ်ဆိုရင်လည်း နိုင်ငံသားအဖြစ်က ရုပ်သိမ်းခံရနိုင်တဲ့အပြင် ထောင်ဒဏ် ၁၂ နှစ်နှင့် ငွေဒဏ်ကျပ် ၅ သောင်းကို လည်းကောင်း ကျခံရနိုင်တယ် လို့ ဖော်ပြထား တာပါတယ်။
နောက်တခါ ပယ်ဖျက်ထားတဲ့ နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူနိုင်ငံသားရဲ့ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုရင်လည်း ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ကျပ် ၂ သောင်းကို ကျခံရနိုင်ပြီး နိုင်ငံသားလက်မှတ်ကို အတုပြုလုပ်လျှင်ဖြစ်စေ၊ ဒါမှမဟုတ် အတုပြုလုပ်ဖို့ အားပေး ကူညီရင်ဖြစ်စေ ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ် ကျပ် ၅ သောင်းကို ကျခံစေရမယ် လို့ ဖော်ပြထားပါတယ်။
ဒီလို ဥပဒေတွေပြဋ္ဌာန်းထားပေမယ့်လည်း ဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်တဲ့နေရာမှာ အစိုးရအဆက်ဆက်ဟာ အားနည်းချက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။











