
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ကျောက္ကာရွာကို စစ်တပ်က ဧပြီ ၁၆ ရက် ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာ ၂ စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဧပြီ ၁၈ ရက် ဒီနေ့အထိ သေဆုံးသူ ၁၇ ယောက် အထိ ရှိလာပြီလို့ ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးသမားတယောက်က “ချတာက ကျောက္ကာတောင်ရွာက တောပြင်ကို ၁ လုံးနဲ့ ကျောက္ကာရွာနဲ့ ထန်းဇလုပ်ချောင်းကိုသွားတဲ့ လမ်းဘေးက ဆိုင်ကယ်ပြင်တဲ့ဆိုင်ပေါ်ကို ၁ လုံး ချတာ။ စုစုပေါင်း ၂ လုံးချတာ။ ဗုံးသီးချပြီးပြီးချင်း သေဆုံးသူ ၃ ဦးအထိရှိခဲ့တယ်။ ဒဏ်ရာရသူ ၂၀ ဦးထက်မနည်းရရှိခဲ့တာ။ ဆေးရုံရောက်မှ ဒဏ်ရာပြင်းထန်လို့ ဆေးကုသရင်း ဒီနေ့ ဧပြီ ၁၈ ရက်နေ့အထိ သေဆုံးသူ ၁၇ ဦးအထိ ရှိလာတယ်။ နောက်ထပ် ဒဏ်ရာပြင်းထန်ရပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၃ ဦးအထိ ရှိနေသေးတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ကျောက္ကာရွာကို မုံရွာနမခ စစ်တပ်အထိုင်စခန်းကနေ ဂျိုင်ရိုကော်ပတာ ၂ စင်းနဲ့ အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတယောက်က “ဗုံးကြဲချလို့ လူသေဆုံးတာ အပြင် လူနေအိမ် ၄ လုံး မီးလောင်တယ်။ ဆိုင်ကယ်ပြင်တဲ့ဆိုင်ကို ကြဲချတာဆိုတော့ ဆိုင်ကယ် ၁၂ စီး၊ ဆိုက်တွဲ ၁ စီး၊ ကြိုးဆွဲမီးစက် ၁၀ လုံးပါ မီးလောင်ခဲ့တာ” လို့ ပြောပါတယ်။
ကျောက္ကာရွာဟာ သမိုင်းဝင် ကျောက္ကာရွှေဂူနီဘုရားရှိတဲ့ ကျေးရွာဖြစ်ပြီး မုံရွာ-ရာတော် လမ်းမကြီးဘေး မုံရွာမြို့ရဲ့ အရှေ့ဘက် ၁၂ ကီလိုမီတာလောက်မှာ တည်ရှိပါတယ်။











