
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည် ၁၅ဝ ဦးတို့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ပူးပေါင်းပြီး မီးငြှိမ်းသတ်ပေးနေတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာကို မနေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနဲ့ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို ညှိနှိုင်း ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
မီးသတ်ရာမှာ ရေအလုံအလောက် ရရှိစေရေးအတွက် ရေစုပ်စက်သုံးလုံး၊ ၄ လက်မပိုက် ပေ ၄၅ဝဝနဲ့ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့တွေက ရေသယ်ယာဉ်ခုနစ်စီးနဲ့ ကူညီပေးနေတယ်လို့လည်းဆိုပါတယ်။
ထိန်ပင်သုသာန်အနီးရှိ ဧက ၃ဝဝ ကျယ်ဝန်းတဲ့အမှိုက်ပုံဟာ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းကတည်းက စတင်မီးလောင်နေတာဖြစ်ပြီး ထွက်ရှိလာတဲ့ မီးခိုးညှော်နံ့တွေကို ရန်ကုန်မြို့နေရာ အတော်များများက ပြည်သူလူထုတွေ ခံစားနေရတာဖြစ်ပါတယ်။










