DVB Logo
Home
ဆောင်းပါး
အထိခိုက်မခံတဲ့ ပြဿနာနဲ့ အစိုးရမီဒီယာ ဖော်ပြချက်များ
DVB
·
June 14, 2012
Donate to DVB

အားလုံးသိကြတဲ့အတိုင်း အခုဆိုရင် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလို့ အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ အဆင့်ရောက်သွားပါပြီ။ ဒါတင်မက ရန်ကုန်မြို့မှာလည်း ရန်ကုန်တိုင်း အစိုးရနဲ့ စာပေစိစစ်ရေး တာဝန်ရှိသူတွေက ပုဂ္ဂလိက ဂျာနယ် တာဝန်ခံတွေကို ဆင့်ခေါ်ပြီး ရခိုင်ကိစ္စ နဲ့ ပတ်သက်သမျှ စာပေစိစစ်ရေးကို တင်ပြရမယ်။ ခွင့်ပြုတာတွေကိုသာ ဖော်ပြရမယ်။ ဒီလိုမှမဟုတ်ရင် ဥပဒေ ချိုးဖောက်မှုလို့ မှတ်ယူမယ်။ ဥပဒေချိုးဖောက်မှုလို့ မှတ်ယူပြီး ပုဒ်မ ၅ (ည) နဲ့ တရားစွဲခံရရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်တယ်။ အခြား ပုဒ်မတွေနဲ့လည်း တရားစွဲနိုင်တယ် စသဖြင့် အမျိုးမျိုး ခြိမ်းခြောက်ပြီး ပူပူနွေးနွေး နည်းနည်းပါးပါး ရထားကြတဲ့ လွတ်လပ်စွာ ရေးသားခွင့်လေးလည်း အာဏာပြန်သိမ်းခံလိုက်ရပါတယ်။

အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဒီလို အထိခိုက်မခံတဲ့ ကိစ္စအတွက် စိုးရိမ်ပူပန်ပြီး ပုဂ္ဂလိက ဂျာနယ်တွေကို ခေါ်ယူသတိပေးတယ်ဆိုခဲ့ရင် အစိုးရက တာဝန်ယူထုတ်ဝေနေတဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အွန်လိုင်း ၀က်ဘ်ဆိုက်တွေကနေ ဒါနဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လို ဖော်ပြနေ သလဲ ဆိုတာလည်း ဝေဖန်ဆန်းစစ်ဖို့ သင့်လှပါတယ်။ ခု တပတ် ရခိုင် အရေးအခင်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့သတင်းရေးသား ထုတ်ပြန်ပုံတွေ ကို ဆွေးနွေး တင်ပြသွားပါ့မယ်။

ပထမ ဦးဆုံး အစိုးရသတင်းစာ ဖော်ပြချက်ကို ကြည့်နိုင်ပါတယ်။ ဇွန် ၅ ရက်နေ့ သတင်းစာတွေမှာ ရခိုင်ပြည်နယ်က သတင်း ၃ ပုဒ် စုပေါင်းပြီး စာတမျက်နှာ အပြည့်နီးပါး ဖော်ပြလာပါတယ်။ တပုဒ်ကတော့ ဈေးကောက်ကိစ္စ မကျေမနပ်ဖြစ်ပြီး စစ်တွေက ပြည်သူတွေ လူစုလူဝေးနဲ့ ဆန္ဒပြတဲ့ သတင်းပါ။ နောက် ၁ ပုဒ်ကတော့ ကျောက်နီမော်ရွာက ပစ္စည်းယူ၊ မုဒိမ်းကျင့်၊ လူသတ်တဲ့ သတင်းဖြစ်ပါတယ်။ နောက်ဆုံး ၁ ပုဒ်ကတော့ တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင် ၁၀ ယောက် အသတ်ခံရတဲ့ သတင်းဖော်ပြထားပါတယ်။ ဒီသတင်းဖော်ပြချက်ကို ဆန်းစစ်ကြည့်ရင် ပထမ ဦးဆုံးထူးခြားချက်က ရခိုင်ပြည်နယ်ထဲက မတူညီတဲ့ အကြောင်းအရာ ၃ ခုကို တမျက်နှာတည်း စုစည်း ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဒီအတွက် စာဖတ်သူ ပြည်သူတွေအနေနဲ့ ပြဿနာတခုနဲ့တခု ဆက်စပ်မှု ရှိသယောင် ထင်မှတ်မှားသွားစေပါတယ်။ ဒါတင်မက သတင်းထဲမှာလည်း မုဒိမ်း လူသတ်မှုကြောင့်မို့လို့ အစ္စလာမ်ဘာသာဝင် ၁၀ ယောက် အသတ်ခံရသယောင် ရေးထားပါသေး တယ်။ ဈေးကောက်ကိစ္စ သတင်းမှာလည်း ရခိုင်ပြည်သူတွေကို မင်းမဲ့စရိုက် ကျင့်သုံးသူတွေဖြစ်အောင် ရေးထားပါတယ်။ ပြောရရင် ဒီ သတင်း ၃ ပုဒ်ကို တမျက်နှာထဲမှာ ရည်ရွယ်ချက် ရှိရှိ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

နောက်ထူးခြားချက်တခုကတော့ အစိုးရပိုင် သတင်းစာတွေမှာ ဘယ်တုန်းကမှ မသုံးနှုန်းခဲ့ဖူးတဲ့ “မွတ်ဆလင် ကုလား” လို့ သုံးနှုန်းလိုက်တာပါ။ ဒါဟာလည်း ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းခဲ့တာဖြစ်ပြီး စာဖတ်သူတွေ သတိပြုမိ ကန့်ကွက်မှုတွေ ရှိလာမှ ပြန်ပြင်ပေးခဲ့ပါတယ်။ ဒီအတွက် အစိုးရရဲ့ ရည်ရွယ်ချက်ဟာ ဒီသတင်းတွေကို ပြည်သူတွေအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်သလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နောက်ထပ် ထူးခြားတာ တခုကတော့ ကျောက်နီမော် ကျေးရွာက ပစ္စည်းယူ၊ မုဒိန်းကျင့်၊ လူသတ်မှု ဖြစ်စဉ်မှာ တရားခံတွေကို နာမည်၊ အဖ အမည်တင်မက “လူမျိုးနဲ့ ဘာသာ” ကိုပါ တွဲပြီး ဖော်ပြခဲ့မှုပါ။ ဒါဟာ အစိုးရသတင်းစာ မပြောနဲ့၊ ဘယ်ပုဂ္ဂလိက ဂျာနယ်တွေမှာမှ ရေးသားတာမျိုး မတွေ့ဖူးကြပါဘူး။ ဒီ ရေးသားချက်ဟာ အစိုးရ သတင်းစာအနေနဲ့ လူသတ်၊ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး လူမျိုးရေး မုန်းတီးမှု ပေါ်ပေါက်လာအောင် စွပ်စွဲခံရသူတွေရဲ့ လူမျိုးနဲ့ ဘာသာကိုပါ ဖော်ပြလိုက်တာမျိုးပဲ ဖြစ်ပါတယ်။

နောက်တခုကတော့ အစိုးရပိုင် သတင်းစာမှာ စက်ဆုပ်ရွံရှာဖွယ် မုဒိမ်း လူသတ်မှုကို ခုလို အကျယ်တ၀င့် ရေးသားဖော်ပြမှုပါ။ ဒါဟာလည်း အရင်တုန်းက ဖော်ပြခဲ့ဖူးတာမျိုး မရှိဘဲ အခုမှ လူမျိုးရေး၊ ဘာသာရေးအရ မုန်းတီးမှုတွေ ဖြစ်ပေါ်လာအောင် ရေးသလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နောက်ထပ် ၁ ချက်ကတော့ မှုခင်းသတင်းရေးသားရာမှာ ရဲက ဖမ်းဆီးပြီး တရားခံအဖြစ် စွပ်စွဲထားသူတွေကို တရားရုံးကနေ အပြစ်ရှိတယ်လို့ မသတ်မှတ်မချင်း ပြစ်မှုကို အမှန်တကယ် ကျူးလွန်သူတွေအဖြစ် မဖော်ပြဖို့ဆိုတဲ့ ဥပဒေဆိုင်ရာ သတ်မှတ်ချက်နဲ့ စာနယ်ဇင်း ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း အစိုးရ သတင်းစာဟာ ကျောက်နီမော် မုဒိမ်းလူသတ်မှုမှာ စွပ်စွဲခံရသူတွေအနေနဲ့ တကယ့်ကို ပြစ်မှုကျူးလွန်သူတွေအဖြစ် ပယ်ပယ်နယ်နယ် အကျယ်တ၀င့် စွပ်စွဲရေးသားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရ သတင်းစာဟာ ကျောက်နီမော် မုဒိမ်းလူသတ်မှု၊ တောင်ကုတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ စစ်တွေ လူထုဆန္ဒပြမှုတွေကို တပေါင်းတည်း ဖော်ပြပြီး စာနယ်ဇင်းကျင့်ဝတ်တွေကို ချိုးဖောက်၊ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်ပေါ်အောင် ရေးသားခဲ့ပါတယ်။ တကယ့်တကယ် လက်တွေ့မှာလည်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်စာမျက်နှာမှာ ဒီ သတင်းတွေအားလုံးကို ဆက်ပြီး တင်ထားဆဲ ဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတာတခုကတော့ အစိုးရ သတင်းစာက အဲလို ဖော်ပြတာကို ဝေဖန်ထုတ်ဖော် ပြောဆိုတဲ့ ပြည်တွင်းသတင်းဆောင်းပါးတွေ အားလုံးကို စာပေစိစစ်ရေးက ဖော်ပြခွင့် ပိတ်ပင်လိုက်တာပါပဲ။

ခြုံပြီး သုံးသပ်ရရင် ရခိုင်ပြည်နယ်မှာ လူတွေသေဆုံး၊ ဒဏ်ရာရ၊ အိုးအိမ်တွေ ဆုံးရှုံး ဖြစ်ခဲ့ရသလို ရခိုင်ပြည်သူတွေအတွက်၊ ရခိုင်ပြည်နယ်နဲ့ မြန်မာပြည်အနှံ့အပြားမှာ ရှိနေတဲ့ အစ္စလာမ် ဘာသာဝင်တွေအတွက် တင်မက ရိုဟင်ဂျာလို့ခေါ်သူတွေအတွက်ပါ ဘယ်သူမှ အကျိုးမရှိခဲ့ပါဘူး။ နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တောင့်တင့်တယ် မြင်စေချင်တဲ့ သမ္မတ ဦးသိန်းစိန်အတွက်လည်း အကျိုးမရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်တခုလုံး စစ်အုပ်ချုပ်ရေးအောက် ရောက်သွားတာ၊ စာနယ်ဇင်းလောကကို ပြန်ပြီး အာဏာသိမ်းလိုက်နိုင်တာတွေဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့ ခေတ်နောက်ပြန်သွားလိုသူတွေကိုသာ အကျိုးအမြတ် ရသွားစေပြီး ဒီအထဲမှာ အစိုးရ သတင်းစာတွေရဲ့ ပံ့ပိုးမှု ပါ၊ မပါ ဆိုတာကိုတော့ ဆက်ပြီး လေ့လာ ဝေဖန် သုံးသပ်ဖို့ လိုပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013