
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာမှာ ယခုနှစ်မှာ လျှပ်စစ်ဓာတ်အား တိုးချဲ့ ဖြန့်ဖြူးပေးနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးထံမှ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးထဲက ကျေးရွာတွေကို လျှပ်စစ်ဓာတ်အား တိုးချဲ့ ဖြန့်ဖြူပေးနိုင်ဖို့ နှစ်စဉ် စီမံကိန်းတွေရေးဆွဲ ဆောင်ရွက်နေရာ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာကို ပြည်ထောင်စုရန်ပုံငွေအပြင် တိုင်းဒေသကြီး ရန်ပုံငွေတို့နဲ့ (၁၁) ကေဗွီ ဓာတ်အားလိုင်းတွေကို (၄၀၀) ဗို့ ဓာတ်အားလိုင်းတွေနဲ့ (၁၁/၀.၄) ကေဗွီ ထရမ်စဖော်မာတွေ နိုင်ငံတော်မှ တည်ဆောက် တပ်ဆင်ပေးသွားမယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက “မြိတ်မြို့မှာက အခုလက်ရှိ ကျေးရွာတွေမှာ လျှပ်စစ်မီး လုံးဝ မရသေးပါဘူး။ ရရှိတဲ့ ကျေးရွာတွေမှာဆိုရင်လည်း တစ်ယူနှစ်ကို ၈၀၀ ကျပ်အထိ ပေးပြီး သုံးစွဲနေရတယ်”လို့ ပြောပါတယ်။
အဆိုပါ ကျေးရွာ ၂၅ ရွာမှာ လျှပ်စစ်ဓာတ်အားပေးဖို့အတွက် ကန်သာယာကျေးရွာနဲ့ ကျောက်ဖျာကျေးရွာတို့မှာ (၀.၄/၁၁) ကေဗွီ၊ ၁၀၀၀ ကေဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ဖို့ ၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်မှာ တိုင်းဒေသကြီးရန်ပုံငွေနဲ့ တင်ဒါခေါ်ယူခဲ့ရာ တင်ဒါအောင်မြင်ခဲ့တဲ့ KTK Electrical Engineering ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေပါတယ်။
အဆိုပါ စီမံကိန်းပြီးစီးပါက ကန်းသာယာရွာခွဲရုံကတဆင့် ရွှေဒူး၊ သာရမဲ၊ ဒလရှောင်၊ ပိန္နဲတောင်၊ အင်္ဂမော်၊ ကန်သာယာ၊ မော်တောင်၊ ကလင်ပန်း၊ ကင်းဆိုး၊ တောင်ပုလဲ၊ ပသောင်း၊ ရှမ်းတောင်၊ တောင်ဖီလာ၊ မင်းသန်း၊ စလွန်းနဲ့ တက်လက်ငယ် ကျေးရွာတွေကို ကျောက်ဖျာကျေးရွာရုံခွဲမှ တဆင့် ကျောက်ဖျာ၊ အဒွင်း၊ အထူးဆိပ်၊ ကဘင်း၊ သဘွတ်၊ ပရည်တောင်၊ ဝန်မယ်၊ ပင်းအိုနဲ့ ဆလင် စတဲ့ကျေးရွာ ၂၅ ရွာရှိ အိမ်ထောင်စု ၅၃၃၇စု တို့ကို လျှပ်စစ်ဓာတ်အားတိုးချဲ့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
သတင်း - ဇော်ဇော်(မြိတ်)











