DVB Logo
Home
မြန်မာသတင်း
ရွှေမြင်တင်တွင် ပိတ်မိနေသည့် ရွှေလုပ်သားများ ကုမ္ပဏီနှင့် ညှိနှိုင်း
DVB
·
June 13, 2012
ရွှေမြင်တင်တွင် ပိတ်မိနေသည့် ရွှေလုပ်သားများ ကုမ္ပဏီနှင့် ညှိနှိုင်း
Donate to DVB

ရွှေမြင်တင်တောင် ဘုရားအနီးမှာ လုံခြုံရေးတွေရဲ့ တားဆီးခံနေရတဲ့ ထောင်နဲ့ချီတဲ့ ရွှေတွင်း အလုပ်သမားတွေဟာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌနဲ့ ညှိနှိုင်းနေတဲ့အကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

[caption id="attachment_26622" align="alignleft" width="300" caption="ဆန္ဒပြရွှေတွင်းလုပ်သားများ"][/caption]

“အလုပ်သမားတွေက ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီးတော့ နဂိုရှိနေတဲ့ အင်းအက်တာ (ရွှေတွင်း) တွေကို ပုံမှန်လုပ်ခွင့်ပြန်ရရေးဆိုတဲ့ အခြေခံတောင်းဆိုချက် ရှိပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်က သူတို့ကုမ္ပဏီရဲ့ ၀န်ထမ်းအဆင့်ပဲဖြစ်ဖြစ်၊ အကြီးစား ကုန်ထုတ်လုပ်မှု အောက်မှာပဲဖြစ်ဖြစ် လုပ်ကိုင်ဖို့ဆိုတာပဲ ပြောပါတယ်။ အဓိကတော့ လုပ်ငန်းသဘာဝ ကွဲနေတဲ့အတွက် အကျိုးစီးပွား အထိုင်လည်းကွဲပါတယ်။ အဲဒီ ၂ ချက်ကို ကုမ္ပဏီဘက်က ဘယ်လိုမျိုး ကမ်းလှမ်းချက်နဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အချက်ကို ၂ ဘက်လုံး အဖြေရှာနေတာပါ။

“ကုမ္ပဏီရဲ့ အကြီးစား ထုတ်လုပ်ရေး လုပ်ငန်းအဆင့်ကို ကူးပြောင်းမှာ ဖြစ်တဲ့အတွက် သူတို့ဆီမှာ ၀န်ထမ်းလုပ်ရေး ဆိုတာကို ကုမ္ပဏီကပြောပါတယ်။ နောက်တခုက အက်တာတူးဖို့ ဆိုတာ ငွေကြေးအမြောက်အမြားနဲ့ လုပ်ဖို့ဆိုတာကို ပြောပါတယ်။ ဒီဘက်က လုပ်သားတွေဘက် ကတော့ သူတို့တပိုင်တနိုင်  ရှိပြီးသား လုပ်ငန်းများကို အခုရှိပြီးသား ကုမ္ပဏီနဲ့ ပဋိညာဉ်အတိုင်း လုပ်ခွင့် ရရင်လည်းရ၊ မရခဲ့လျှင်လည်း ကြားကွက်တွေကို အဓိက တောင်းဆိုနေပါတယ်။”

နှစ်ဖက် ညှိနှိုင်းနေချိန်မှာပဲ အလုပ်သမားတွေကို အပြင်က ဆက်သွယ်လို့မရအောင် လုံခြုံရေး တင်းကျပ်ထားတယ်လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“ရွှေမြင်တောင် မုခ်ဦးတည့်တည့် လမ်းကြောင်းမှာ လုံခြုံရေးတပ်တွေ အကုန်လုံးချထားတယ်။ တခြားထွက်ပေါက်တွေကိုလည်း ပိတ်ထားတယ်။ လုံခြုံရေးတပ်တွေရဲ့ အနောက်မှာတော့ မန္တလေးက ဆရာတော် ဦးဝီရသူ အပါအ၀င် အားပေးကူညီမယ့်သူတွေ ရှိပါတယ်။ သပိတ်နဲ့ အပြင်မှာရှိနေသူတွေကို လုံခြုံရေးက တားမြစ်ထားတဲ့အတွက် ဆက်သွယ်လို့မရပါဘူး။”

ဒါ့အပြင် ဆန္ဒပြမှုမှာ ပါဝင်ပြီးတော့ ဘာသာရေးအရ ဆောင်ရွက်ပေးခဲ့တဲ့ တောင်တန်းဒေသက ပါလာတဲ့ ဘုန်းကြီး ၁၁ ပါးကိုလည်း အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံပြီး သံဃ၀ိနည်းနဲ့ မကိုက်ညီဘူးဆိုပြီး နေရပ်ပြန်ကြွခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

မနေ့ကလည်း တိုင်း သတ္တုတွင်းဝန်ကြီးနဲ့  ရွှေတူးလုပ်သားတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အထူးခွဲဝေရေး စနစ်တွေ ခံစားခွင့်ပြုရန်ဆိုတဲ့ အချက်ကို ဆွေးနွေးရာမှာ ပြေလည်မှု မရတဲ့အတွက် ဒီနေ့ ကုမ္ပဏီ တာဝန်ရှိသူနဲ့ အလုပ်သမားတွေ ဆက်လက်ဆွေးနွေးနေတာပါ။

မိုးထိမိုးမိဒေသကနေ နေပြည်တော်ကို ချီတက်သွားဖို့ကြိုးစားနေတဲ့ ဆန္ဒပြသူ ၃ ထောင်ကျော် ရှိပြီး ရွှေမြင်တင်တောင်မှာ ပြီးခဲ့တဲ့ တနလာင်္နေ့ညနေကတည်းက ပိတ်မိနေတာပါ။

ဆန္ဒပြအလုပ်သမားတွေအတွက် အစားအသောက်တွေကို ရမည်းသင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ သံဃာတော်တွေက ကူညီပေးနေပေမယ့် စားနပ်ရိက္ခာပို့ရာမှာ အခက်တွေ့နေတယ်လို့ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်ပေးသူ ဦးသက်ဝေက ပြောပါတယ်။

“ဒီအမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီလုပ်ငန်းရှင်တွေအတွက်ကျတော့ စားနပ်ရိက္ခာပို့တဲ့ကားကို လုံခြုံရေးယူထားတဲ့ လုံထိန်းအဖွဲ့က ၁ မိနစ်တောင်မကြာဘူး ဖွင့်ပေးလိုက်တယ်။ ဆန္ဒပြနေတဲ့ ရွှေတွင်းလုပ်သားတွေအတွက်ကျတော့ စားနပ်ရိက္ခာပို့တာကို အပို့မခံဘူး၊ လမ်းဘေးမှာပုံထားခဲ့ရတယ်။ ကားအ၀င်မခံဘူး။ ကားသွင်းလို့ မရတာက ၁၁ နာရီလောက်ကနေ စပြီးတော့ အခုမှပဲသွင်းလို့ရတယ်။ ၁ နာရီထိုးတော့မယ်။ ပြည်တွင်းဂျာနယ်လစ်တွေနဲ့ သွင်းခွင့်မရဘူးဆိုတာကို အင်တာဗျူးလုပ်မှ သွင်းခွင့်ပေးတာပေါ့။”

မိုးထိမိုးမိဒေသမှာ  ရွှေတူးခွင့်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ  မူလက ရွှေတူးလုပ်ငန်း အသေးစားလေးတွေကို လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ် လုပ်ကိုင်ခွင့်ပေးထားရာက မေလဆန်းပိုင်းကစပြီး   ဆက်လုပ်ခွင့်မပေးဘဲ ပိတ်ပင်တားမြစ် လိုက်တာကြောင့် မိုးထိမိုးမိတောင်ပေါ် ရွှေတွင်းထဲမှာ အလုပ်သမားတွေက စတင်ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြနေမှုအတွင်း နှစ်ဘက်ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် ပြေလည်မှုမရတာကြောင့် နေပြည်တော်ထိသွားရောက် ဆန္ဒပြဖို့ အလုပ်သမားတွေ တောင်ပေါ်ကဆင်းလာကြတာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကတော့  သတ်မှတ်ချက် စည်းကမ်းအတိုင်း လုပ်နိုင်ရင် ဆက်လုပ်ခွင့်ပေး မယ်လို့ပြောပါတယ်။  အလုပ်သမားတွေဘက်ကတော့ သူတို့ တောင်းဆိုချက်တွေကို မလိုက်လျောမချင်း ဆက်ပြီး ဆန္ဒပြမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013