DVB Logo
Home
မြန်မာသတင်း
ထိန်ပင် အမှိုက်ပုံမီး မီးခိုးကြောင့် လူ ၆၀ ခန့် အသက်ရှူကျပ်၊ ၁၀ ဦးထက်မနည်း ဆေးရုံတင်ရ
DVB
·
April 24, 2018
ထိန်ပင် အမှိုက်ပုံမီး မီးခိုးကြောင့် လူ ၆၀ ခန့် အသက်ရှူကျပ်၊ ၁၀ ဦးထက်မနည်း ဆေးရုံတင်ရ
Donate to DVB

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကနေ ထွက်ရှိလာတဲ့ မီးခိုးတွေကြောင့် အသက်ရှူကျပ်တဲ့ လူနာ ၆၀လောက်ကို ညတွင်းချင်း အရေးပေါ် ဆေးကုသပေးခဲ့ရပြီး လူ ၁၀ ဦးထက်မနည်း လှိုင်သာယာဆေးရုံကို တင်လိုက်ရပါတယ်

ထိန်ပင်အမှိုက်ပုံနဲ့ နီးတဲ့ ၂၀ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ကံလှ၊ ရွှေလင်ပန်း စတဲ့ ရပ်ကွက်နေ ပြည်သူတွေ မီးခိုးကြောင့် အသက်ရှူကျပ်တဲ့ ဝေဒနာ ခံစားနေကြရတာ ဖြစ်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောပါတယ်။

“၂၀ ရပ်ကွက်တို့၊ ကံလှတို့၊ ၁၈ တို့၊ ဟိုဘက်ဆို ရွှေလင်ပန်းတို့ အဲဒီရပ်ကွက်လူတွေ အများဆုံး ခံစားရတာပေါ့။ မနေ့ညကဆို ကျနော်တို့ သွားတဲ့အချိန်မှာ ၂၀ ရပ်ကွက်လူတွေဆိုရင် အသက်ရှူမဝလို့ အောက်စီဂျင်ပေးပြီးတော့ ရပ်ကွက်ရုံးဘေးနားမှာ အရေးပေါ်လုပ်ပေးရတဲ့ထိ ဖြစ်တယ်။ ညကဆိုရင်ပဲ လှိုင်သာယာဆေးရုံရောက်တာ ၉ ယောက်လောက်ပဲ ရောက်သွားတယ်။ ဒါပေမယ့် ရပ်ကွက်အတွင်းမှာ ဒီလိုမျိုး လုပ်ပေးခဲ့ရတာကတော့ ၅၀၊ ၆၀ လောက် လုပ်ပေးခဲ့ရတာပေါ့”

ထိန်ပင် အမှိုက်ပုံမီးဟာ ဧက ၁၀၀ လောက်ထိ လောင်ကျွမ်းနေတာ ဖြစ်တယ်။ မီးငြှိမ်းသတ်နေဆဲဖြစ်ပြီး  မီးထိန်းထားနိုင်ပြီလို့ ပြောလို့မရသေးဘူးလို့ ထိန်ပင်အမှိုက်ပုံမီးရဲ့ ဧပြီ ၂၄ ရက် မနက် ၉ နာရီလောက် အခြေအနေကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

“မီးကတော့ မနေ့တနေ့ကထက်စာရင်တော့ တော်တော်လေးကို နိုင်နိုင်နင်းနင်းလေး ဆောင်ရွက်သွားနိုင်ပြီ၊ ဒါပေမယ့် မီးတွေအကုန်လုံး ငြိမ်းသွားပြီလားဆိုရင်တော့ မငြိမ်းသေးဘူး။ ဘာလို့ဆိုတော့ အမှိုက်ပုံဧရိယာက တအားကျယ်ပြန့်တာကိုး။ ဧက ၁၀၀ လောက်ပေါ်မှာ ပျံ့နှံ့ပြီး လောင်နေတာ ဆိုတော့လေ”

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်နားကဧက ၃၀၀ လောက် ရှိတဲ့ အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်နေ့ကတည်းက စတင် မီးလောင်မှုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က  မီးသတ်ရေသယ်ယာဉ် ၁၂ စီးအပါအဝင် စုစုပေါင်း မီးသတ်ယာဉ် ၂၄ စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ဦးနဲ့ ကြိုးစား ငြှိမ်းသတ်နေတာ ဖြစ်ပါတယ်။

ဧပြီ ၂၃ ရက်အထိ  ဧက ၁၀၀ လောက် မီးလောင်နေတာကြောင့် မီးခိုးဟာ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နဲ့  အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်တွေထိ​ ပျံ့နှံ့ မီးခိုးညှော်နံ့တွေ ဖြစ်ပေါ်နေပေမယ့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှု မရှိစေဖို့ မီးသတ်တပ်ဖွဲ့က အသိပေး ကြေညာထားပါတယ်။

ဓာတ်ပုံ-FSD

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013