DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တည်ငြိမ်မှု ထိန်းသိမ်းရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံနှင့် မေးမြန်းချက်
DVB
·
June 13, 2012
Donate to DVB

ရခိုင်ပြည်နယ်မှာ အခြေအနေတွေ အေးချမ်း တည်ငြိမ်စပြုနေပြီလို့ ပြည်နယ် ၀န်ကြီးချုပ်က ဖွဲ့ထားတဲ့ စစ်တွေ အခြေစိုက် ပြည်နယ်တည်ငြိမ်မှု ပူးပေါင်းထိန်းသိမ်းရေး ဗဟိုအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။ ဦးဝင်းမြိုင်ကို မေးမြန်းထားပါတယ်။

ဦးဝင်းမြိုင်တို့ ကွပ်ကဲရေးအဖွဲ့ကို ဘယ်နေ့ကဖွဲ့လိုက်တာလဲ။

“၆၊ ၇ ရက်နေ့မှာ အဲဒီအဖွဲ့တွေနဲ့ အစည်းအဝေးလုပ်ပြီး ၉ ရက်နေ့မှာ စဖွဲ့လိုက်တယ်။”

ဒီအဖွဲ့တွေမှာ ဘယ်အလွှာတွေကပါသလဲ။

“ပထမဖွဲ့စည်းတုန်းကတော့ ကျနော်တို့မြို့မိမြို့ဖတွေ အကုန်ပါတယ်။ နောက် အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေပါတယ်။ ဌာနဆိုင်ရာတွေပါတယ်။ အခုလည်း အဲဒီအဖွဲ့က ဆက်လှုပ်ရှားနေပါတယ်။”

ဒါဆိုရင် မကြာသေးဘူးပေါ့၊ အဲဒီဘာသာရေးအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်း တွေ့ဆုံဆွေးနွေးနေကြ တာပေါ့။

“၆၊ ၇၊ ၈ ရက်လောက်ကတည်းက တောက်လျှောက် အစိုးရ အဖွဲ့ရုံးမှာပဲ ထိတွေ့တယ်၊ ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေ အားလုံး အကုန်လုံးထိတွေ့ပါတယ်။”

မနေ့ကထိ မီးခိုးတွေ တွေ့နေရတယ်၊ အခြေအနေကို နည်းနည်းပြောပြပါလား။ မထိန်းနိုင်၊ မသိမ်းနိုင်ဖြစ်နေလား။

“မထိန်းနိုင်တာ မဟုတ်ပါဘူး။ ပထမနေ့ ရှို့ထားတာ လောင်တာတွေ ကျန်နေတာပါ၊ အကုန်လုံး ဟိုဘက်က ပတ်ရှို့၊ ဒီဘက်က ပတ်ရှို့ဆိုတော့ မီးသတ်ကလည်း ၂ စီး၊ ၃ စီးနဲ့ဆိုတော့ အကုန်လုံးတော့ မရောက်နိုင်ဘူးပေါ့။ အဲဒါလေးတွေပါ၊ မီးခိုးကတော့ အကြွင်းအကျန် ထွက်နေတာပဲရှိတယ်။ အခုတော့ အကုန်လုံးငြိမ်သက်နေတယ်၊ မနေ့က ညနေကတည်းက အကုန်လုံးငြိမ်သက်နေတယ်။”

ဦးတို့အဖွဲ့က စစ်တွေတခုတည်း တာဝန်ယူတာလား၊ ကျန်တဲ့မောင်တောတို့ ဘူးသီးတောင်တို့ကော တာဝန်ယူလား။

“သူ့အဖွဲ့နဲ့သူရှိပါတယ်။ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့ အကုန်လုံးရှိပါတယ်။”

အခုဖြစ်နေတာက တိုင်းရင်းသားနဲ့ သက်ဆိုင်တဲ့ကိစ္စလား၊ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ကိစ္စလား၊ ဘယ်လိုမျိုး အကဲဖြတ်လို့ရပြီလဲ။

“အဓိကတော့ တောင်ကုတ်ကနေ စဖြစ်တဲ့ ကိစ္စနဲ့၊ ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်တယ်။ အဲဒီကနေ ဒီဘက်ကူးလာတဲ့သဘော ဖြစ်ပါတယ်။ ကျန်တာတော့ ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုဏ်းဆန်တဲ့ ဖြစ်မယ်လို့ မထင်ပါဘူး။ ဒီမှာလည်း မနေ့ကစပြီး အေးချမ်းသွားပြီ ဆိုတော့ နောက်ပိုင်းက အခြေအနေ ကောင်းသွားနိုင်ပါတယ်။”

သတင်းစာမှာ ဖတ်ရတယ်။ နိုင်ငံတော်က ပြောတာက အသေအပျောက် ၂၁ ဦးရှိတယ်၊ ၂၀ ကျော် ဒဏ်ရာရတယ်။ ဒီဖြစ်ရပ်က အရေးပေါ် အခြေအနေ ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်တာလား၊

“အရေးပေါ် အခြေအနေ မကြေညာခင်ဖြစ်တာ၊ အဲဒီလိုဖြစ်လို့ အရေးပေါ် အခြေအနေ ကြေညာလိုက်ရ တာ။”

အခုကော တပ်ကနေ ကိုင်တွယ်တာ မတွေ့ရသေးဘူး၊ တပ်ကနေ ၀င်ပါတာ မရှိသေးဘူးနော်။ အခုက လုံထိန်းတွေနဲ့ပဲ ဆိုတော့ လုံခြုံရေးအင်အားက နည်းတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ်မှာကော ဘယ်လိုစီစဉ်ထားလဲ။

“အရင်ကတော့ တပ်ကိုမသုံးဘဲ လုံထိန်းအင်အားနဲ့ပဲ သုံးတယ်ဆိုတော့ အကြမ်းဖက်သူတွေ က ကြိုးကြား၊ ကြိုးကြားမှာ လစ်တဲ့နေရာက ၀င်တော့ သူတို့လည်း စိုးရိမ်လို့ တုတ်၊ ဓားကိုင်တာတော့ ရှိပါတယ်။ အခုတော့ တပ်လည်းဝင်တယ်၊ ရဲတပ်ရင်းတွေလည်း အကုန်ဝင်တယ်ဆိုတော့ တမြို့လုံး အကုန်လုံခြုံရေး ပေးတဲ့အတွက် မနေ့ ညနေကစပြီး တုတ်၊ ဓားကိုင်တာတွေ မရှိတော့ဘူး။”

မနေ့က တပ်မတော်သားတယောက် ပေါင်မှာဒဏ်ရာရသွားတာ သက်သာသွားပြီလား။

“အဲဒါတော့ အတိအကျ မသိဘူး၊ သိပ်ဆိုးဆိုးရွားရွား ပစ်တာတော့ ဒီနေ့ထိတော့ မရှိသေးဘူး။”

စစ်တွေဘက်ကနေ ဒီလိုမီးရှို့မှုတွေ၊ တစုနဲ့တစု တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဘက်ကို ထွက်ပြေးတဲ့ဒုက္ခသည်တွေ သူတို့အသုံးအနှုန်းအရ ရိုဟင်ဂျာပေါ့၊ သူတို့က ဘင်္ဂလားဒေ့ရှ် အစိုးရက လက်မခံဘူးဆိုတာကို ကုလသမဂ္ဂကနေ လက်ခံဖို့ ပြောနေတယ်။ ဒီဘက်ကကော သူတို့အတွက် ဘယ်လိုစဉ်းစားပေးသလဲ။

“အဲဒါကတော့ နယ်စပ်အခြေအနေကြောင့်ပေါ့။ စစ်တွေဘက်က ပြေးတာတော့ မရှိဘူး။ ဘူးသီးတောင်နဲ့ မောင်းတောကတော့ ရှိချင်ရှိမယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့  အရင်ကတည်းက ပြန်လာရင် ကိုယ့်ပြည်မှာ ရှိတဲ့လူဆိုရင် သူတို့က ပြန်လက်ခံတာများပါတယ်။ တခုရှိတာက နယ်စပ်ဆိုတော့ ပြောရခက်တယ်။”

ကျနော်တို့ သတင်းထောက်တွေ သွားပြီးတော့ သတင်းယူနေကြတာ၊ တော်တော်များများက ရခိုင်တိုင်းရင်းသားတွေ၊ လုံထိန်းတပ်ဖွဲ့တွေနဲ့ လိုက်ပါပြီး သတင်းယူနေတာ ကျနော်တို့တွေ့ရတယ်။ များသောအားဖြင့် ရခိုင်တိုင်းရင်းသားတွေရဲ့ ဓာတ်ပုံတွေပဲ တွေ့တယ်။ တဖက်က ရိုဟင်ဂျာတွေ ဒဏ်ရာရတာတွေ၊ သူတို့ထွက်ပြေးတာ ဘယ်မှာခိုလှုံနေကြလဲ။ ဦးတို့က ကွပ်ကဲရေးအဖွဲ့ဆိုတော့ သိမှာပေါ့။

“မွတ်စလင် အဖွဲ့တွေကိုလည်း အစိုးရက ကယ်ဆယ်ရေးစခန်းဖွင့်ပေးပြီးတော့ သူတို့သွားချင်တယ် ဆိုလည်း သူတို့အဖွဲ့ကို ကျနော်တို့အဖွဲ့က လုံခြုံရေးနဲ့ မွတ်စလင် အများစုနေတဲ့ ဘုတပင်ရွာ ဘက်ပေါ့၊ ကောင်းကောင်းမွန်မွန် ရွှေ့ပေးတယ်။ နောက် သူတို့ကိုလည်း ကယ်ဆယ်ရေးစခန်း အကုန်လုံးလုပ်ပေးတယ်။ ရခိုင်ကော၊ အကုန်လုပ်ပေးတယ်။ တဖက်တည်း လုပ်ပေးတာ မရှိပါဘူး။”

မနေ့က ဘာသာကြီးလေးခုက ခေါင်းဆောင်တွေ ရန်ကုန်မှာဆုံပြီးတော့ ဒီမှာရှိတဲ့ ဒုက္ခသည်တွေကို သိန်း ၁၀၀၀ လှူဖို့ လုပ်နေတယ်။ ဘာသာရေး ခေါင်းဆောင်တွေကော စစ်တွေကို ရောက်ပြီလား။

“အဲဒါတော့ ကျနော်က လမ်းပေါ်မှာရောက်နေလို့ မပြောနိုင်သေး ဘူး၊ ရောက်ချင်လည်း ရောက်နိုင် တယ်။ ကျနော်သွားနေတုန်းမှာ ကားသုံးစီးလောက် လေယာဉ်ကွင်းဘက်က တက်လာတာတွေ့ တယ်။”

လွန်ခဲ့တဲ့ တနာရီခွဲလောက်က စစ်တွေမှာ ဘာမှမဖြစ်ဘူးလို့ ဦးပြောထားတယ်။ ​ဗလီတလုံး မီးလောင်တယ် ဆိုပြီးတော့ သတင်းဌာနတခုက တက်လို့ အဲဒါဘာထူးလဲ။

“အဲဒါက မွတ်စလင် ၂ ယောက်ပဲ၊ သူ့တို့ ဗလီကို သူတို့ မီးရှို့ပြီးတော့ ထွက်ပြေးတာ၊ အဲဒါတွေကို ရပ်ကွက်ကလူတွေက ဖမ်းပြီးတော့ လုံခြုံရေးအဖွဲ့ကို သွားအပ်တယ်။ အဲဒါနောက်ဆုံးသတင်းပါ။ အဲဒီနောက်ပိုင်းတော့ ဘာမှမရှိတော့ဘူး။”

“အခုတော့ အေးဆေးပဲအကုန်လုံး၊ ငြိမ်သွားပါပြီ။ မနေ့ကပြောတဲ့ တုတ်၊ ဓား၊ ကိုင်ဆောင်တာလည်း မရှိတော့ဘူး၊ ဘဏ်တွေလည်း ပြန်ဖွင့်နေပြီ။ ဆန်ဆိုင်၊ စားသောက်ဆိုင်တွေလည်း အကုန်ပြန်ဖွင့်ပါပြီ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013