
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းကို အတည်ပြုဆောင်ရွက်မဲ့ နိုင်ငံတနိုင်ငံကို သွားရောက်ဖို့ ကြောက်မနေဘဲ သူ့ကိုကာကွယ်ဖို့ အထူးတပ်ဖွဲ့ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
ဇူလိုင် ၂၉ ရက်က Fox News ရုပ်သံနဲ့ အင်တာဗျူးမှာ သူက အခုလို ဖြေကြားခဲ့တာပါ။
ICC ဟာ ရွေးကောက်ခံမဟုတ်တဲ့ အဂတိလိုက်စားနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ နေတန်ယာဟုက ဝေဖန်ခဲ့ပါတယ်။
ဂါဇာပြည်သူတွေကို အစာရေစာ ဖြတ်တောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး အစ္စရေးဟာ စားနပ်ရိက္ခာ တန်ချိန်တသန်း ထောက်ပံ့ပေးခဲ့တယ်လို့ ရှင်းပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံမှုဟာ အကောင်းဆုံးဖြစ်ခဲ့ပြီး အမေရိကန်နဲ့ အစ္စရေး မဟာမိတ်ဆက်ဆံရေးဟာ အင်မတန် ခိုင်မာကြောင်း သူက အတည်ပြုခဲ့ပါတယ်။
အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ထရမ့်ပ်နဲ့အတူ သဘောတူညီခဲ့ပါတယ်။
အကယ်၍ အစ္စရေးကို တိုက်ခိုက်လာရင် အီရန်အနေနဲ့ ပြင်းထန်တဲ့ အင်အားသုံး တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။
စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားရောက်ချိန် သူ့ကိုဖမ်းဆီးဖို့ တောင်းဆိုခဲ့တဲ့ နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီကိုလည်း နေတန်ယာဟုက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။










