DVB Logo
Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ကျပြီ
DVB
·
June 13, 2012
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ကျပြီ
Donate to DVB

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ တခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကို ဇွန် ၁၂ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု လိုက်ပါတယ်။

မှတ်ပုံတင်ခွင့်ပြုချက်ကို  တိုင်းရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီကို မနေ့က စာပို့ အကြောင်းကြားတဲ့ အကြောင်း၊ ပါတီအနေနဲ့ အလုပ်အမှုဆောင် ဖွဲ့စည်းရေး၊ ပါတီစည်းရုံးရေးတွေ ကိစ္စတွေ လုပ်ဆောင်ပြီးရင် တခြားနိုင်ငံရေးပါတီ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အလေးထားဆောင်ရွက်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“အခုလက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအခက်အခဲက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဿနာက စတာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်မို့ လို့ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရ အာဏာခွဲဝေမှု မညီမမျှဖြစ်ရတာ၊ အဲဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်။ အဲဒီလို ပြင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတခုတည်း ဖြေရှင်းလို့မရဘူး။ ငြိမ်းချမ်းရေး လုပ်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ အကုန်လုံး ၀ိုင်းဝန်းကြိုးပမ်းမှသာလျှင် ဒီကိစ္စကို ပြေပြေ လည်လည် ဖြေရှင်းသွားနိုင်မယ်။ ”

ဒါ့ပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးတွေ ထိခိုက်နစ်နာဆုံးရှုံးမှု မရှိရလေအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

“တိုင်းရင်းသား ပြည်သူတွေအားလုံး ထိခိုက်နစ်နာမယ့်ကိစ္စတွေကို ထိခိုက်နစ်နာမှု မရှိရလေအောင် ပွင့်လင်းမြင်သာတဲ့ အနေအထားမျိုးရောက်အောင် ကြိုးစားပေးမယ်၊ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေအနေနဲ့ အစိုးရကို ဘယ်လောက်ထိ ပေးပြီးတော့မှ ထိခိုက်နစ်နာ တဲ့ ပြည်သူပြည်သားတွေကို ဘယ်လောက်ထိ လျော်ကြေးပေး တယ်။ လျော်ကြေးပေးရုံမက သူတို့ရဲ့ ဘ၀တွေ ထူထောင်ဖို့အတွက် အဲဒီကိစ္စကို သူတို့ဘယ်လောက်ထိ တာဝန်ယူတယ်ဆိုတာကို ကျနော်တို့က စောင့်ကြည့်လေ့လာသွားဖို့ အစီအစဉ်ရှိတယ်။ ဒါက လောလောဆယ် စဉ်းစားမိသလောက်ပါ။”

ပြည်သူတွေအနေနဲ့လည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးမှာ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ အက်စ်အန်အယ်လ်ဒီ ပါတီက  တိုက်တွန်းလိုက်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၂၃ နေရာ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယ နေရာအများဆုံးရရှိခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။

ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ဟာ နိုင်ငံရေးပြစ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချခံထားရာကနေ ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီလကမှ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွတ်လာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013