DVB Logo
Home
မြန်မာသတင်း
ဒုရဲမှူး မိုးရန်နိုင်ကို အကာအကွယ်ပေးရန် ပြည်မြို့ခံများ လှုပ်ရှားမှုပြုလုပ်
DVB
·
April 22, 2018
ဒုရဲမှူး မိုးရန်နိုင်ကို အကာအကွယ်ပေးရန် ပြည်မြို့ခံများ လှုပ်ရှားမှုပြုလုပ်
Donate to DVB

 

ရိုက်တာ သတင်းထောက် နှစ်ယောက်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ထွက်ဆိုသွားတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို အကာအကွယ်ပေးဖို့အတွက် ပြည်မြို့ခံတွေကသူနဲ့အတူရှိကြောင်း  လှုပ်ရှားမှုတခု ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

တရားလိုပြ သက်သေဖြစ်တဲ့ ဒုရဲမှူးက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ ဧပြီ ၂၀ ရက်နေ့က တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

မြေလတ်ဂျာနယ်လစ်ကွန်ရက်က သတင်းထောက် ကိုငြိမ်းချမ်းဝေက “အခုဟာက အနိုင်ကျင့် ခံရတာဖြစ်တယ်။ အခုလိုမျိုး ဖောက်ထွက်လာတဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ရဲတယောက်ကို ကျနော်တို့ ပြည်သူတွေက သူ့ဘက်မှာ ရပ်တည်ပေးဖို့ လိုကို လိုအပ်ပါတယ်။ သူ့လိုမျိုး ရဲတွေ များများပေါ်ထွက်လာဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သူ့ဘက်မှာ ပြည်သူတွေ ရှိတယ်လို့ ပြောပါရစေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလကလည်း နေပြည်တော်လေဆိပ်မှာ ဖမ်းမိတဲ့ ကျည်ဆန်တွေနဲ့ တရားခံမဖော်နိုင်သေးတဲ့ ရန်ကုန်မြို့၊ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှုက ကျည်ဆန်နဲ့ တူတယ်လို့ နှိုင်းယှဉ် ပြသခဲ့တဲ့ ပြည်ခရိုင်၊ ထုံးဘိုမြို့က ရဲအုပ်တယောက်ကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့တာကြောင့် ပြည်မြို့က ဒေသခံတွေ၊ ပရဟိတ အဖွဲ့တွေနဲ့ သတင်းထောက်တွေ ဝန်းရံခဲ့ပါသေးတယ်။

ဒါကြောင့် အခုလို အမှန်တရားကို ဖော်ထုတ်ခဲ့တဲ့ ပြည်သူ့ရဲတယောက်ကိုလည်း ၀ိုင်းရံတာလို့ ဦးဆောင်သူ အဖြူရောင်သွေးပရဟိတအဖွဲ့က ကိုနေဇာက ပြောပါတယ်။

မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေအသင်းက ပဲခူးတိုင်းအမှုဆောင် ဒေါ်အေးသန္တာက “ဒုရဲမှူးမိုးရန်နိုင်နဲ့ မိသားစုဝင်တွေကို ဥပဒေနဲ့အညီ အကာကွယ်ပေးဖို့အတွက် မြန်မာ နိုင်ငံရှေ့နေများကွန်ရက်က သမ္မတကြီးထံ တောင်းဆိုတင်ပြထားပြီး အမှန်တရား ပေါ်ပေါက်ရေး နဲ့ ဥပဒေနဲ့အညီဖြစ်ရေး နောက်အသက်လုံခြုံရေး၊ သူ့ရှေ့နေ သူ့မိသားစုတွေရဲ့ လုံခြုံရေးတွေပါ။ စိုးရိမ်စရာဖြစ်နေပြီ” လို့ ဒီဗွီဘီကို ရှင်းပြပါတယ်။

သတင်းထောက်တွေနဲ့ ရဲမှူး၊ ရဲတပ်ကြပ်ကြီးတို့ကို အခုဆိုရင် ဖမ်းဆီးထားတာ ၄ လ ကျော်ရှိသွားပြီ။ ဒီနေ့ ကန်ပိန်းကို ပြည်မြို့ဗိုလ်ချုပ်လမ်း၊ ပြည်လူ့ငယ်ရိပ်မြုံ ရှေ့မှာ ညနေ ၃ နာရီကနေ ၅ နာရီအထိ ကျင်းပခဲ့တာပါ။

ပူးပေါင်းပါဝင်သူတွေက အဖြူရောင် ပိတ်စပေါ်မှာ သူတို့ရဲ့သဘောထားတွေကို ၀ိုင်းဝန်းရေးသားခဲ့ပြီး အဲဒီပိတ်စကို ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုထံကို ရောက်အောင် ပေးပို့သွားမှာဖြစ်ပါတယ်။

မြေလတ်ဂျာနယ်လစ်ကွန်ရက်အဖွဲ့ဝင်တွေ၊ ပြည်လူ့ငယ်ရိပ်မြုံ၊ အဖြူရောင်သွေး ပရဟိတ အဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေအသင်း (ပြည်မြို့)၊ မိုးမေတ္တာ နာရေးကူညီမှုအသင်း၊ မှိုင်းကွန်ရက်၊ တောင်သူလယ်သမား အထောက်အကူပြု အဖွဲ့တွေနဲ့ ဒေသခံတွေက စုပေါင်းစီစဉ်ကြတာပါ။

ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၇ ခု ဒီဇင်ဘာလ ၁၂ ရက်နေ့က ရိုက်တာ သတင်းထောက် ၂ ယောက်ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ (၃)အရ ဖမ်းဆီးခဲ့ပြီး သူတို့နဲ့အတူ ဒုရဲမှူးမိုးရန်နိုင်၊ ရဲတပ်ကြပ်ကြီးခင်မောင်လင်း တို့ကိုလည်း ပူးတွဲ ဖမ်းဆီးတာ ခံထားရပါတယ်။

အဲဒီအမှုတွေကို စစ်ဆေးနေဆဲကာလမှာပဲ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ရုံးထုတ်စဉ်မှာ ရဲမှူးက သတင်းထောက်တွေကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင်ပြီး ဖမ်းဆီးခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့သလို သတင်းထောက်တွေကိုလည်း ဖြေကြားသွားခဲ့ပါတယ်။ ဒါကြောင့် ရဲမှူးမိုးရန်နိုင် ကို ပြည်မြို့ ဒေသခံတွေက ၀ိုင်းရံထောက်ခံပွဲတခု လုပ်ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013