DVB Logo
Home
မြန်မာသတင်း
ဒုရဲမှူး မိုးရန်နိုင်ကို မိသားစုနှင့် ၄ လကျော်ကြာ တွေ့ခွင့်မပေးမှု ဥပဒေနှင့်မညီဟုဆို
DVB
·
April 22, 2018
ဒုရဲမှူး မိုးရန်နိုင်ကို မိသားစုနှင့် ၄ လကျော်ကြာ တွေ့ခွင့်မပေးမှု ဥပဒေနှင့်မညီဟုဆို
Donate to DVB

 

ထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို မိသားစုနဲ့ ၄ လကျော်ကြာတဲ့အထိ တွေ့ခွင့်မပေးတာဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ မကိုက်ညီဘူးလို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အထွေထွေ အတွင်းရေးမှူးက ပြောဆိုလိုက်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးကို ရဲတပ်ဖွဲ့ ထောင်ဖမ်းခဲ့တယ်လို့ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ဟာ မိသားစုနဲ့ ရက်ပေါင်း ၁၂၉ ရက် ၄လ ကျော် တွေ့ဆုံခွင့်မရတဲ့အပေါ် အခုလို ပြောဆိုလိုက်တာပါ။

အခုလို တွေ့ခွင့်မပေးတာဟာ ရဲလက်စွဲဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ဖွဲ့စည်းပုံအခြေဥပဒေတွေ အပါအဝင် လူအခွင့်အရေးကြေညာစာတမ်းနဲ့ မကိုက်ညီဘူးလို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အထွေထွေအတွင်းရေးမှူးက ဦးရောဘတ်ဆန်းအောင် ပြောပါတယ်။

“ဖမ်းဆီးထားသော တပ်ဖွဲ့ဝင်ကို ၃၀ ရက်ထပ်ကျော်လွန်ပြီး ရက်ပေါင်း ၆၀ အထိ အကျယ်ချုပ် (သို့မဟုတ်) အကျဉ်းချုပ်ဖြင့် ထားနိုင်တဲ့အာဏာကို ရဲချုပ်က အမိန့်ပေးနိုင်သည်။ အခု ရက်ပေါင်း ၆၀ ကျော်သွားပြီ။ အခုသူ့ကို ပြုလုပ်ထားတဲ့ ကိစ္စတွေက ဥပဒေနဲ့ညီတဲ့ဟာ မတွေ့ရဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ လုံးဝမကိုက်ညီဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့လည်း မကိုက်ညီဘူး။”

ဒုရဲမှူးကို လက်ရှိအချိန် အထိ ဘယ်နေရာထိန်းသိမ်းထားတယ်နဲ့ ဘယ်လိုအရေးယူ ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဒုရဲမှူးရဲ့ ဇနီးက ဧပြီလ ၂၁ ရက်နေ့က ပြောဆိုထားပါတယ်။

မတူးတူး က “လမ်းကြောင်းမှာ အဖမ်းခံရတယ်ဆိုပြီး ဖြစ်သွားတာဘဲ။ သူ့အခြေအနေလည်း ကျမတို့ မသိဘူး။ သူလည်း ကျမတို့အခြေအနေ ဘယ်လိုလုပ်သိမှာလဲ”လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲတဲ့ ရဲအရာရှိ မိသားစုဟာ ဧပြီလ ၂၁ ရက်နေ့က လိုင်းခန်းကနေ ဖယ်ရှားခံလိုက်ရပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာသုသာင်္န်မှာ မွတ်စလင်အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းယူဖို့ ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ် ရှိ စားသောက်ဆိုင်တဆိုင်မှာ ဒုရဲမှူး မိုးရန်နိုင်၊ တပ်ကြပ်ကြီး ခင်မောင်လင်းတို့နဲ့ သွားရောက်တွေ့ဆုံပြီး ဆိုင်က ပြန်အထွက်မှာ လျို့ဝှက်စာရွက်စာတမ်း လက်ဝယ်တွေ့ရှိ တယ်ဆိုပြီး ထောင် ၁၄ နှစ်ထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ရဲအက်ဥပဒေတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013