
အမေရိကန်နဲ့ အစ္စရေးအပါအဝင် အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ တတိယမြောက် သီတင်းပတ်ထဲ ရောက်လာချိန်မှာ ကမ္ဘာ့စီးပွားရေးအပေါ် ဆက်လက်ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် စွမ်းအင်နဲ့ ဘဏ္ဍာရေး ဈေးကွက်အပေါ် အဓိကသက်ရောက်စေခဲ့ပြီး မတ် ၁၆ ရက် မနက်အထိ ဘရန့်ရေနံစိမ်း ညွှန်းကိန်းက တစည်ကို ၁၀၆ ဒေါ်လာဝန်းကျင် ပေါက်စျေးရှိပါတယ်။
ဒါဟာ စစ်ပွဲမဖြစ်ခင် တရက်အလို ဖေဖော်ဝါရီ ၂၇ ရက်မှာ တစည်ကို ၇၂ ဒေါ်လာသာ ရှိခဲ့ရာကနေ ၄၀ ရာခိုင်နှုန်းကျော်အထိ ရေနံစျေး မြင့်တက်လာတာပါ။
လက်ရှိ အီရန်စစ်ပွဲ စတင်ပြီးနောက်ပိုင်း သဘာဝဓာတ်ငွေ့အရည် (LNG) ဈေးနှုန်းတွေကလည်း ၆၀ ရာခိုင်နှုန်းလောက်ကို သိသိသာသာ ထိုးတက်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တုန်းက အချက်အလက်တွေအရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ရေနံစိမ်း ၈၄ ရာခိုင်နှုန်း နဲ့ LNG ဓာတ်ငွေ့အရည် ၈၃ ရာခိုင် နှုန်းဟာ အာရှတိုက်အတွက်ပဲ ဖြစ်ပါတယ်။
အဲဒီရေလက်ကြားကနေ စွမ်းအင်တင်ပို့မှုတွေသာ ဆက်ပြီးရပ်တန့်နေမယ်ဆိုရင် ဓာတ်ဆီ၊ ဒီဇယ်ဆီ နဲ့ လေယာဉ်ဆီလိုမျိုး သန့်စင်ပြီးသား ရေနံထုတ်ကုန်တွေရဲ့ ဈေးနှုန်းဟာ သိသိသာသာကို ထပ်တက်လာနိုင်ပါတယ်။
အခုလိုမျိုး နောက်ဆက်တွဲရေနံဈေး မြင့်တက်လာတာနဲ့အမျှ ကားခ၊ သင်္ဘောခနဲ့ လေယာဉ်လက်မှတ်ဈေးတွေပါ တဟုန်ထိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
အီရန်စစ်ပွဲ အစပျိုးရာ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး ကမ္ဘာ့ ၈၅ နိုင်ငံထက်မနည်းမှာ ဓာတ်ဆီဈေးတွေ ခုန်တက်လာတာကို တွေ့ရပါတယ်။
ဒါပေမဲ့ တချို့နိုင်ငံတွေဟာ လကုန်ပိုင်းမှသာ ဈေးနှုန်းပြောင်းလဲကြောင်း ကြေညာလေ့ရှိတဲ့ အလျောက်လာမဲ့ ဧပြီလထဲမှာ ဈေးတွေပိုပြီး တက်လာနိုင်ခြေရှိပါတယ်။
ကမ္ဘောဒီးယားမှာလည်း ဓာတ်ဆီစျေးဟာ ၆၈ ရာခိုင်နှုန်းနီးပါးနဲ့ အများဆုံးတက်လာပြီး ဗီယက်နမ် က ၅၀ ရာခိုင်နှုန်း၊ နိုင်ဂျီးရီးယားက ၃၅ ရာခိုင်နှုန်း၊ လာအိုက ၃၃ ရာခိုင်နှုန်းနဲ့ ကနေဒါက ၂၈ ရာခိုင်နှုန်းအထိ အသီးသီးတက်လာတာကို အတည်ပြုထားပါတယ်။
Bloomberg စီပွားရေးသတင်းဌာနရဲ့ ဖော်ပြချက်အရတော့ စစ်ပွဲကာလနောက်ပိုင်း ကမ္ဘာ့စတော့ ရှယ်ယာ ဈေးကွက်ဟာ ပျမ်းမျှအားဖြင့် ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို အာရှစတော့ ဈေးကွက်တွေမှာ အထိနာဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
Source: Reuters











