DVB Logo
Home
မြန်မာသတင်း
တနှစ်အတွင်း အယူခံမှု၊ ပြင်ဆင်မှုပေါင်း ၁၅၀၀၀ ကျော် ဆောင်ရွက်ခဲ့
DVB
·
April 22, 2018
တနှစ်အတွင်း အယူခံမှု၊ ပြင်ဆင်မှုပေါင်း ၁၅၀၀၀ ကျော် ဆောင်ရွက်ခဲ့
Donate to DVB

 

တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်တချို့ဟာ ဥပဒေနဲ့ မညီညွတ်တာ၊ ပြစ်မှုပြစ်ဒဏ် မမျှတလို့ သုံးသပ်ရတာကြောင့် တနှစ်အတွင်းမှာ အယူခံမှု၊ ပြင်ဆင်မှုပေါင်း ၁၅၀၀၀ ကျော် ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

ရှေ့နေချုပ်ရုံးရဲ့ တနှစ်တာ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေးက ဖော်ပြထားတာပါ။

ဒီတနှစ်အတွင်းမှာ အယူခံမှု၊ ပြင်ဆင်မှုတွေကို ဥပဒေရုံးအဆင့်ဆင့်က တင်သွင်းခဲ့ရာမှာ အယူခံမှု ၅၃ဝ၅၊ ပြင်ဆင်မှု ၉၃၄၉ မှု၊ ရာဇဝတ်အထွေထွေမှု ၉၅၄ မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ တိုင်းနဲ့ ပြည်နယ် ဥပဒေချုပ်ရုံး၊ ခရိုင်နဲ့ မြို့နယ်ဥပဒေရုံးတွေက သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းတွေကို တရားစွဲမတင်မီ အမှုပေါင်း ၇၆,၈၅၇ မှုကို ဥပဒေအကြံဉာဏ်ပေးခဲ့ပြီး ရာဇဝတ် မူလမှု ၂၃၉,၉၁၉ မှု လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွေ အနေနဲ့လည်း တနှစ်တာ ကာလအတွင်း တရားမျှတမှု ဆိုင်ရာ တင်ပြချက် ၅၃ဝ လောက်ကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစိုးရရဲ့ ဒုတိယတနှစ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာစာချုပ်စာတမ်းတွေ၊ နားလည်မှု စာချွန်လွှာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေကို အကြံပေးခဲ့တဲ့ ကိစ္စရပ်ပေါင်း ၇၄၅ ခုရှိပြီး တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေကို အကြံပေးခဲ့တာ ၃၁ ခု ရှိခဲ့ပါတယ်။

ပြီးတော့ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေ ချုပ်ဆိုမယ့် စီးပွားရေး စာချုပ်စာတမ်း ၅၄၈ ခု၊ တိုင်းနဲ့ ပြည်နယ် ဥပဒေချုပ်ရုံးတွေက ပေးပို့လာတဲ့ စီးပွားရေးစာချုပ်စာတမ်း ၂၂၁ ခုတို့ကို စိစစ် အကြံပြုခဲ့တယ်လိုလည်း ဆိုပါတယ်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံးဟာ အစိုးရဌာနအဖွဲ့အစည်းတွေ ပါဝင်ချုပ်ဆိုတဲ့ စီးပွားရေးဆိုင်ရာ စာချုပ် စာတမ်းအမျိုးအစား ၁၄ မျိုးကို စိစစ်ပေးနေပြီး အများဆုံး စိစစ်ဆောင်ရွက်ရတာကတော့ နိုင်ငံတော်ရဲ့ သယံဇာတတွင်းထွက်ပစ္စည်းတွေ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ လုပ်ငန်း သဘောတူစာချုပ်တွေ၊ လမ်း၊ တံတား၊ ရုံး၊ အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် လုပ်ငန်းအပ်နှံတဲ့ စာချုပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အင်တာနက် ဝက်ဘ်ဆိုက်မှာ အလွယ်တကူရှာဖွေကြည့်ရှုနိုင်အောင် ကြိုးစားနေပြီး ၁၈၇ဝ ပြည့်နှစ်ကတည်းက ထုတ်ပြန်ခဲ့တဲ့ ပြန်တမ်းတွေ၊ Burma Code VOL 1 to 13 အတွဲများပါ ဥပဒေတွေ၊ ၁၉၅၅ ခုနှစ်က ဒီနေ့ ကာလအထိ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေအပါအဝင် တဆင့်ခံဥပဒေတွေကို စုဆောင်းပြီး  www.mlis.gov.mm ဝက်ဘ်ဆိုက်မှာ တင်ပြနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013