
မြန်မာ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ပထမဆုံးအကြိမ် ပြုလုပ်မယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။
အာရှ ဥပဒေကျောင်းသား ကျောင်းသူများအသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပြီး ဒုတိယ အကြိမ်မြောက် ဥပဒေကျောင်းသားများ ညီလာခံကိုလည်း ဧပြီ ၂၈၊ ၂၉ ရက်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေကို ကုလသမဂ္ဂ အစည်းအဝေး ကျင်းပပုံတွေနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့၊ သံတမန်အလေ့အကျင့်တွေ တိုးတက်လာစေဖို့ စတာတွေကို ရည်ရွယ်ပြီး ပြုလုပ်တာလို့ ဆိုပါတယ်။
ဥပဒေကျောင်းသားများ ညီလာခံမှာတော့ မြန်မာနိုင်ငံက ဥပဒေပညာဌာန ၁၈ ခုက ကျောင်းသား ကျောင်းသူတွေ တက်ရောက်ပြီး ပညာရေးနဲ့ သင်ရိုးညွှန်းတမ်း၊ ကြုံတွေ့နေရတဲ့ အခက်အခဲ စတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အာရှ ဥပဒေ ကျောင်းသား ကျောင်းသူများအသင်းဟာ အာရှတိုက်က နိုင်ငံပေါင်း ၁၆ နိုင်ငံက ဥပဒေကျောင်းသား ကျောင်းသူတွေနဲ့ ဖွဲ့စည်းထားပြီး ၂ဝ၁၇ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံဟာ ၁၆ နိုင်ငံမြောက် အသင်းဝင်ဖြစ်လာခဲ့တာပါ။










