DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပဋိပက္ခချုပ်ငြိမ်း​ရန် ဘာသာ​ရေး​​ခေါင်း​ဆောင်များ​ တိုက်တွန်း
DVB
·
June 12, 2012
Donate to DVB

ရခိုင်ပြည်နယ်တွင်း​ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေကို ဆက်လက်မဖြစ်ပွား​ကြ​တော့​ဖို့​ ဘာသာအသီး​သီး​က တာဝန်ရှိသူ​တွေက ပန်ကြား​လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့​တဲ့​ သီတင်း​ပတ်​တွေအတွင်း​ အကြမ်း​ဖက်မှု​တွေ ဖြစ်ပွား​ခဲ့​သလို လတ်တ​လောမှာ အစိုး​ရက အ​ရေး​ပေါ်အ​ခြေအ​နေ ​ကြေညာထား​ပေမယ့်​ စစ်​တွေမြို့​မှာ ရွာ​တွေကို အကြမ်း​ဖက် မီး​ရှို့​တိုက်ခိုက်မှု​တွေ မ​နေ့​ကနဲ့​ ဒီ​နေ့​ ​နေ့​ခင်း​ဘက်မှာ ဆက်တိုက်ဖြစ်ပွား​နေတာပါ။

ဒီဖြစ်ရပ်​တွေ​ကြောင့်​ လူအ​သေအ​ပျောက်အနည်း​ငယ်ရှိခဲ့​သလို လုံခြုံရာကို ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ ထွက်​ပြေး​နေကြရပါတယ်။ ဒီလုပ်ရပ်​တွေကို ရပ်တန့်​က ရပ်​စေဖို့​ ​တောင်း​ဆိုလိုက်ကြတာပါ။

တရား​ဟောဓမ္မကထိက ​ရွှေညဝါဆရာ​တော်က “ငြိမ်း​ချမ်း​ရေး​ကို တကယ်လိုလား​တယ်ဆိုရင် တိုင်း​ရင်း​သား​တွေအား​လုံး​ တိုင်း​သူပြည်သား​အား​လုံး​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ဆွေး​နွေး​ကြပါ။ ငြိမ်း​ချမ်း​စွာ ​နေကြပါ။ တ​ယောက်နဲ့​တ​ယောက် မသတ်ဖြတ်ကြပါနဲ့​၊​ မီး​ရှို့​တာ​တွေ ကြား​ရတာ စိတ်ဆင်း​ရဲတယ်။ စိတ်မ​ကောင်း​ဘူး​။ ဘာသာ​ရေး​ခေါင်း​ဆောင်​တွေ အ​နေနဲ့​ကလည်း​ စိတ်မ​ကောင်း​ပါဘူး​၊​ ရှုံ့​ချပါတယ်ဆိုတာ​လောက်နဲ့​ မပြီး​ဘူး​။ အဲဒီ​တော့​ ​ရှေ့​တန်း​သွား​ပြီး​တော့​ ဟန့်​တား​သင့်​တာ​တွေ၊​ ကာကွယ်သင့်​တာ​တွေ၊​ ငြိမ်း​ချမ်း​အောင် လုပ်​ဆောင်သင့်​တာ​တွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်​ဆောင်ဖို့​ လိုပါတယ်။ အား​လုံး​ရပ်ကြပါလို့​ ​မေတ္တာရပ်ခံပါတယ်” လို့​ မိန့်​ပါတယ်။

မြန်မာနိုင်ငံလုံး​ဆိုင်ရာ အစ္စလာမ် ဘာသာ​ရေး​အဖွဲ့​ကြီး​ရဲ့​ တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​ဝဏ္ဏ​ရွှေက “မြန်မာနိုင်ငံလုံး​ဆိုင်ရာ အစ္စလာမ် ဘာသာ​ရေး​ အဖွဲ့​အစည်း​ကြီး​ အ​နေနဲ့​ လက်ရှိ​ပြောနိုင်တာက​တော့​ တည်ငြိမ်​အေး​ချမ်း​အောင်အတွက် သက်ဆိုင်ရာ အဖွဲ့​အစည်း​အသီး​သီး​ကို ဆက်သွယ်ပြီး​တော့​ အတတ်နိုင်ဆုံး​ ကြိုး​စား​ပြီး​တော့​ ​ဆောင်ရွက်​နေပါတယ်။ လက်​တွေ့​အား​ဖြင့်​လည်း​ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့​အစည်း​ အသီး​သီး​၊​ ဘာသာ​ရေး​ အဖွဲ့​အစည်း​ အသီး​သီး​ကို ဆက်သွယ်ပြီး​တော့​ အား​လုံး​ကို ​ပြေလည်​အောင် ငြိမ်း​ချမ်း​အောင် အတတ်နိုင်ဆုံး​ ကြိုး​ပမ်း​ဆောင်ရွက်ဆဲ အဆင့်​ပဲ ရှိပါ​သေး​တယ်။ ကျ​နော်တို့​ အဖွဲ့​ ၅ ဖွဲ့​ရဲ့​ ​ဆောင်ရွက်ချက်မူက​တော့​ ​မေတ္တာတရား​ကို အ​ခြေခံပြီး​တော့​ ပြဿနာကို ​ပြေလည်​အောင် အတတ်နိုင်ဆုံး​ ကြိုး​ပမ်း​ဖြေရှင်း​သွား​မှာပဲ ဖြစ်ပါတယ်။ ဒီ​နေ့​သတင်း​ ထွက်ပါမယ်။ ​စောင့်​ကြည့်​လိုက်ပါ” လို့​ ဆိုပါတယ်။

မြန်မာနိုင်ငံလုံး​ဆိုင်ရာ နှစ်ခြင်း​ခရစ်ယာန်အသင်း​တော် တာဝန်ရှိသူတဦး​က “ဘာသာ​ရေး​အဖွဲ့​အစည်း​အ​နေနဲ့​ ဆု​တောင်း​ပွဲလုပ်တဲ့​အခါ ထည့်​သွင်း​ဆု​တောင်း​ပေး​ပါတယ်။ ဝတ်ပြုကိုး​ကွယ်တဲ့​အခါမှာ အား​လုံး​ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ဖြစ်​အောင် ထည့်​သွင်း​ဆု​တောင်း​ပေး​ပါတယ်” လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013