DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူများပါဝင်ခွင့်ရရေး ရှမ်းအဖွဲ့အစည်းများ ကြိုးပမ်း
DVB
·
June 12, 2012
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူများပါဝင်ခွင့်ရရေး ရှမ်းအဖွဲ့အစည်းများ ကြိုးပမ်း
Donate to DVB

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူတွေပါဝင်မှုကို လိုလားတယ်လို့ ပြည်တွင်းပြည်ပ ရှမ်း အဖွဲ့အစည်းတွေက ပူးတွဲကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြပေမယ့် တိုက်ပွဲတွေပြန်ဖြစ်တဲ့အပေါ် စိုးရိမ်နေတာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူတွေလည်း ပါဝင်ခွင့် ရရေး ကြိုးပမ်းချက်တခု ဖြစ်ပါတယ်။

[caption id="attachment_26575" align="alignleft" width="300" caption="ပြည်တွင်းပြည်ပ ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ်"][/caption]

ထိုင်း-မြန်မာနယ်စပ် မှာ ပြည်တွင်းပြည်ပက တောင်သူ လယ်သမား၊ အလုပ်သမား၊ အမျိုးသမီး၊ လူငယ်၊ စာပေ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ မီဒီယာ စတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ၇၆ ဦးဟာ ဇွန် ၄ ရက်ကနေ ၅ ရက်နေ့ ထိ တွေ့ဆုံဆွေးနွေး ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး လူထုအခြေပြု အဖွဲ့အစည်း ရဲ့ ပြောခွင့်ရှိသူ စိုင်းခေးဆိုင်က

“ရှမ်းပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေရယ်၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့အတူ ပါလာတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် ရင်းနှီးမြှုပ်နှံမှုတွေမှာပါ အဲဒီဟာတွေက ကျနော်တို့ရဲ့ လူထုတွေကို ဘယ်လိုထိခိုက် နစ်နာစေရမယ်ဆိုတာကို နိုင်ငံတကာက အဖွဲ့ကကော၊ လူထုကကော၊ အာဆီယံလူထုကော နောက်ပြီးတော့ မြန်မာပြည်ထဲမှာ ရှိနေတဲ့ လူထုတွေ၊ စစ်တပ်အားလုံးပါ သိစေဖို့၊ နောက်ပြီးတော့ လူထုတွေက ဒီထဲမှာပါဝင်ခွင့်ရအောင်၊ နောက်ပြီးတော့ ဖြစ်လာမယ့် အန္တရာယ်တွေကို မြင်သွားအောင် လုပ်တဲ့အချိန်မှာ သူတို့ကိုယ်တိုင်ကလည်း ပါဝင်ပြောဆိုခွင့် ရှိလာအောင် ဆိုပြီးတော့ ကျနော်တို့ ဒီဟာကို ထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ပူးတွဲထုတ်ပြန်ကြေညာချက်မှာ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ဖို့၊  ရှမ်းပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသက အစိုးရတပ်တွေ ရုပ်သိမ်းဖို့ကိုလည်း လိုလားတယ်လို့ သူတို့က တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ထောက်ပံ့မှုကို  ဒေသခံလူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆောင်ရွက် ဖို့၊ ပြည်သူတွေကို ထိခိုက်စေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ အကြီးစား စက်မှုလုပ်ငန်းတွေ ရပ်တန့်ပေးဖို့၊ ပြည်သူ့ဘ၀ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ ချမှတ်ဖို့ စတာတွေကို လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

ဆွေးနွေးပွဲမှာ လယ်ယာမြေတွေ အသိမ်းခံရတာ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်တာ၊ စိုက်ပျိုးရေး လုပ်ငန်းနဲ့ ကျန်းမာရေးထိခိုက်မှုတွေရှိနေတဲ့ အကြောင်း၊ မြန်မာနိုင်ငံမှာ ပြည်နယ်အစိုးရတွေ ရှိလာပေမယ့်  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အခြေခံထားတဲ့အတွက် လုပ်ပိုင်ခွင့် အပြည့်အ၀မ ရှိသလို တန်းတူညီမျှမှုတွေလည်း မရှိသေးတဲ့အကြောင်း  စတဲ့ အကြောင်းအချက်တွေပေါ် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013