DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့ကြောင်း ထွက်ဆိုခဲ့သည့် ဒုရဲမှူး၏မိသားစုကို လိုင်းခန်းမှဖယ်ခိုင်း (ရုပ်သံ)
DVB
·
April 21, 2018
ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့ကြောင်း ထွက်ဆိုခဲ့သည့် ဒုရဲမှူး၏မိသားစုကို လိုင်းခန်းမှဖယ်ခိုင်း (ရုပ်သံ)
Donate to DVB

ရိုက်တာသတင်းထောက် ဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တယ်လို့ ထွက်ဆိုခဲ့တဲ့ အင်ဒင်ရဲစခန်းက ဒုရဲမှူး  မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော်တိုင်းရဲတပ်ဖွဲ့ လိုင်းခန်းကနေ ဖယ်ရှားခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူက “ကျမ တညလုံးအိပ်မပျော်ဘူး။ မနက် ၅ နာရီလောက်မှ ပျော်သွားတယ်။ ၇ နာရီထိုးလောက် ဒုရဲအုပ်တယောက်က ဖုန်းဆက်တာ၊ အမ လိုင်းက ဖယ်ပေးရမယ်တဲ့၊ ချက်ချင်းဖယ်ပေးရမယ်တဲ့။ ကျမ ဘာပြောလို့ ပြောရမှန်းမသိဘူး။ ဖယ်ပေးပါ့မယ်...လို့ ဒီနေ့ မိုးမချုပ်စေရပါဘူး၊ ဒီနေ့ အပြီး ဖယ်ပေးပါ့မယ်လို့ ကျမအဲလို ပြောလိုက်တယ်။” လို့ ပြောလိုက်ပါတယ်။

ကလေးတွေဟာ သူတို့အဖေ ဖမ်းဆီးထိန်းသိမ်းခံတာကို မသိကြပဲ ဒီနေ့မနက် ဝန်းထမ်းအိမ်ရာ အိမ်ပေါ်ကဆင်းရမှ သိကြတာလို့ ဆိုပါတယ်။

ဒုရဲမှူး မိုးရန်နိုင်မှာ ဇနီးဖြစ်သူနဲ့ အတူ သားသမီး ၃ ယောက်ရှိတယ်လို့ သိရပါတယ်။  အကြီးဆုံးသမီးဖြစ်သူက မိတ္ထလာ စီးပွားရေးတက္ကသိုလ်တက်ရောက်နေတာဖြစ်ပြီး ဆယ်တန်းဖြေထားတဲ့ သားတစ်ယောက်နဲ့ ၇ တန်းဖြေထားတဲ့ သမီးတဦးတို့ ရှိပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ကို ရိုက်တာသတင်းထောက်တွေ အမှုနဲ့ ပက်သက်ပြီး ရဲစည်းကမ်းထိန်သိမ်းရေးဥပဒေ ၁၆(ခ)နဲ့ စွဲဆို ထိန်းသိမ်းထားပြီး မိသားစုနဲ့မတွေ့ရဘူးလို့လည်း သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလင်းအောင်က ''အပြင်မှာ သတင်းထွက်နေသလို နှင်ချတာမဟုတ်ပါဘူး။ ဒုရဲမှူး တာဝန်ကျတဲ့ အမှတ် (၈) ရဲတပ်ရင်းမှာ လိုင်းခန်းနေရာ ပေးထားပြီးဖြစ်တဲ့အတွက် အဲဒီကိုပြောင်းခိုင်းတာပါ။ ဝန်ထမ်းစည်းကမ်းအရလည်း တာဝန်ကျတဲ့ နေရာကိုပဲ လိုင်းခန်းပေးပြီး နေရတာပါ။ အဲဒီမှာလည်း လိုင်းခန်းက ရပြီးတာ ကြာပါပြီ။ အခုမှ ရွှေ့ခိုင်းရတာက ကျနော်တို့ ကျောင်းပိတ်ချိန်ကို စောင့်တာဖြစ်ပါတယ်။ အခု ကျောင်းပိတ်ချိန်ဖြစ်လို့ ရွှေ့ခိုင်းတာပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ မြန်မာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာသုသာင်္န်မှာ မွတ်စလင်အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းယူဖို့ ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ် ရှိ စားသောက်ဆိုင်တဆိုင်မှာ ဒုရဲမှူး မိုးရန်နိုင်၊ တပ်ကြပ်ကြီး ခင်မောင်လင်းတို့နဲ့ သွားရောက်တွေ့ဆုံပြီး ဆိုင်က ပြန်အထွက်မှာ လျို့ဝှက်စာရွက်စာတမ်း လက်ဝယ်တွေ့ရှိ တယ်ဆိုပြီး ထောင် ၁၄ နှစ်ထိချမှတ်နိုင်တဲ့ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ရဲအက်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းထောက် ၂ ဦးကို ဧပြီ ၂၀ ရက်နေ့ တရားရုံးထုတ်ရာမှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တဲ့ ရခိုင်ပြည်နယ် အင်းဒင်ရဲစခန်းက ဒုရဲမှူး မိုးရန်နိုင်က ရိုက်တာသတင်းထောက် နှစ်ဦးကို  ထောင်ဖမ်းခဲ့တာလို့ ထွက်ဆိုသွားခဲ့ပြီးနောက် အခုလို မိသားစုဝင်တွေကို ရဲဝန်ထမ်း အိမ်ရာကနေ ဖယ်ခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013