DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားသူလုံခြုံရေး အပြည့်အ၀ ကာကွယ်ပေးမည်
DVB
·
April 21, 2018
အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားသူလုံခြုံရေး အပြည့်အ၀ ကာကွယ်ပေးမည်
Donate to DVB

အဂတိလိုက်စားမှု တိုင်ကြားတာတွေနဲ့ ပတ်သက်ပြီး မူလ တိုင်ကြားသူနဲ့ သက်သေတွေရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွန့် က ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို သတင်းပေးတိုင်ချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၆ နဲ့ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ ဧပြီ ၂၀ ရက်နေ့က အမှုဖွင့်ခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က “FDA ညွန်ချုပ် အမှုဆိုရင် ဘယ်သူက တိုင်တယ်ဆိုတာ ကျနော်တို့ဆီမှာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဖော်ထုတ်လို့မရဘူး။ သက်သေတွေကိုလည်း စနစ်တကျ သိမ်းဆည်းထားတယ်။ မူလသတင်းပေးတိုင်ကြားသူရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝကာကွယ်ပေးထားပါတယ်။ အမှု စစ်ဆေးနေစဉ်ကာလမှာ လိုအပ်လို့ ခေါ်ယူစစ်ဆေးရင်လည်း ကာကွယ်ပေးထားမှာ ဖြစ်သလို နောက်ပိုင်းမှာလည်း ဆက်လက်အကာကွယ်ပေးထားမှာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ဟာ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တာကြောင့် အရေးယူတာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် မြေကွက်ပေါ်ရှိ နေအိမ်အတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် နေအိမ်အတွင်းအသုံး အဆောင်ပစ္စည်းများအားလည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တထပ်တိုက်နေအိမ်တလုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တလုံး၊ ဂိတ်တဲတလုံး၊ ရေကူးကန်တကန်နဲ့ ရေပန်းတခုတို့အားလည်းကောင်း စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်းတထောင့်ငါးရာကျော်) ကို အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း” ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013