DVB Logo
Home
မြန်မာသတင်း
ရာထူးလျှော့ နယ်ပြောင်းအရေးယူခံရသည့် စည်ပင်ညွှန်မှူး သက်ပြည့်ပင်စင်တင်ထား
DVB
·
April 21, 2018
ရာထူးလျှော့ နယ်ပြောင်းအရေးယူခံရသည့် စည်ပင်ညွှန်မှူး သက်ပြည့်ပင်စင်တင်ထား
Donate to DVB

ရာထူးက တဆင့်လျှော့ချပြီး ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဖျာပုံမြို့ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူးဟောင်း ဦးအောင်မင်းနိုင်ဟာ သက်ပြည့်ပင်စင် တင်ထားပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီက သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံဝန်ထမ်းများ လိုက်နာရမယ့် ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် ဧပြီ ၁၉ ရက်နေ့ကပြုလုပ်တဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ရာထူးတဆင့်လျော့ချဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဦးအောင်မင်းနိုင်ဟာ အသက် ၆၀ ပြည့်ဖို့ ၅ နှစ်အလိုမှာပဲ အခုလို သက်ပြည့်ပင်စင် တင်ထားလိုက်တာလို့ တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

“သက်ပြည့်ပင်စင်တင်ထားတာပေါ့။ သူက အရင်အစိုးရလက်ထက်ကရော၊ အခုအစိုးရ လက်ထက်မှာပါ ပြစ်ချက်တွေရှိတယ်။ ဒါကြောင့် ရာထူးကတဆင့် လျှော့ချလိုက်တာ” လို့ ပြောပါတယ်။

ဦးအောင်မင်းနိုင်ဟာ စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရာမှာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်မှုမရှိဘဲ လုပ်ငန်းတွေ ကြိုတင်ဆောင်ရွက်တာ၊ သီးခြားငွေစာရင်း ဖွင့်လှစ်တာ၊ တိုင်းအစိုးရအဖွဲ့ကို မတင်ပြဘဲထုတ်ယူသုံးစွဲတာ၊ ဝန်ထမ်းတွေ ဒေသ ပြောင်းရွှေ့ တာတွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြ ခွင့်ပြုချက်တောင်းခံတာမရှိဘဲ မိမိသဘောတခုတည်းနဲ့ စီမံဆောင်ရွက်တာတွေကြောင့် တိုင်းအစိုးရအဖွဲ့က စာနဲ့ သတိပေးတာကြိမ်၊ မှတ်တမ်းတင် သတိပေးတာ တကြိမ်လုပ်ခဲ့ပါတယ်။

ဒါပေမယ့် လုပ်ငန်းသုံး ကတ္တရာတွေ ဝယ်ယူရာမှာ တင်ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့ မညီတာကို ထပ်ပြီးစိစစ်တွေ့ရှိခဲ့တာကြောင့် အခုလို ရာထူး တဆင့်လျော့ အရေးယူခဲ့တာဖြစ်ပါတယ်။

အခုလိုအရေးယူခံရတာနဲ့ ပတ်သက်ပြီး မိမိအနေနဲ့ ဘာမှ မပြောကြားလိုဘဲ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားစာအရပဲ ဖြစ်တယ်လို့ အရေးယူခံရတဲ့ ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဦးအောင်မင်းနိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာ လစ်လပ်နေတဲ့ တိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနေရာမှာ တိုင်းစည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးနိုင်လင်းမောင်ကို ခေတ္တတာဝန်ထမ်းဆောင်ဖို့ အစိုးရအဖွဲ့က တာဝန်ပေးထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013