DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့တွင် ၃ နှစ်ဆက် စံချိန်တင်ရေရှားနေ
DVB
·
April 21, 2018
သံဖြူဇရပ်မြို့တွင် ၃ နှစ်ဆက် စံချိန်တင်ရေရှားနေ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ၃ နှစ်ဆက်တိုက် ရေရှားပါးနေပြီး လာမယ့်နှစ်တွေမှာ ရေအခက်အခဲမဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာက ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

အရင်နှစ်တွေကထက် အခုနှစ်မှာ စံချိန်တင်ရေရှားပါးမှုဖြစ်ပေါ်နေလို့ မြို့နယ်စည်ပင်က ရေရှားပါးတဲ့ရပ်ကွက်တွေကို တနေ့ ရေဂါလံ ၈၀၀၀ လောက် ပို့ပေးနေရပါတယ်။

သံဖြူဇရပ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က “ဒီနှစ်လည်း ရေရှားတယ်။ ဒီလိုရှားတာ ၃ နှစ်ဆက်တိုက်ရှိပြီလို့ ပြောလို့ရတယ်။ စံချိန်တင်ရေရှားတာပေါ့။ တမြို့လုံးမှာ မြေအောက်ရေစုတဲ့ ကိုးနဝင်းပိုင်းမှာတောင် ရေရှားနေပြီ။ ဒီလိုသာဆက်ဖြစ်နေရင် နောက်လာမယ့် ၅ နှစ် ၁၀ နှစ်အတွင်း အခက်အခဲဖြစ်မယ်။ သံဖြူဇရပ်အနေနဲ့ ရေချိုအရင်းအမြစ်နဲ့ ဆိုင်တဲ့ ကိစ္စတွေကို တခုလုံးခြုံပြီး စဉ်းစားလုပ်ဆောင်သင့်ပြီလို့မြင်တယ်” လို့ ပြောပါတယ်။

ရေချိုလှောင်ကန်တွေ၊ ချောင်းမြောင်းစနစ်တွေ၊ ရေပေးဝေရေးစနစ်တွေ၊ ရေထိန်းပေးနိုင်တဲ့ သစ်ပင်၊ သစ်တော အရင်းအမြစ်တွေကိုထိန်းသိမ်းတာတွေ၊ မိုးရေစုတာတွေ စသည်ဖြင့် စဉ်းစားသင့်နေပြီဖြစ်ပြီး သံဖြူဇရပ်မြို့နယ်အနေနဲ့ ရာဘာစိုက်ပျိုးရေးတွေကြောင့် တောပြုန်းကာ ရေဝေရေလဲစနစ်မှာ ပျက်သွားပြီလို့ဆိုပါတယ်။

“အဓိကရေရှားတာက အောင်သာယာရပ်ကွက်ပါ၊ အနီးပတ်ဝန်းကျင်က ပငရွာမှာလည်း ရေရှားပါးမှုဖြစ်နေတယ်လို့ သိရတယ်၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ မြို့နယ်ရေပေးဝေရေး လုပ်ငန်းလုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်” လို့ မြို့နယ်စည်ပင်အင်ဂျင်နီယာ ဦးလှိုင်ဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်နေ ကိုစိုက်ချမ်းက “ရေအခက်အခဲရှိရင် ဒီမြို့က ကျေးလက်ဦးစီးဌာနကိုလည်း ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ သိထားတယ်။ ဒီရပ်ကွက်က နှစ်စဉ်ရေရှားပေမယ့် ခုက ပိုရှားတယ်၊ လာမယ့်နှစ်တွေအတွက်ကတော့ ပိုမဆိုးသွားအောင် ခုကတည်းက စီစဉ်ထားသင့်တယ်လို့မြင်တာပေါ့”  လို့ ပြောပါတယ်။

သတင်း+ဓါတ်ပုံ - ၀င်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013