
ကချင်ပြည်နယ်၊ တနိုင်းဒေသအတွင်းရှိ အောင်လော့ဒ်ကျေးရွာမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေတဲ့ ဒေသခံတိုင်းရင်းသားတွေ မူလနေရပ်ဒေသမှာ ပြန်လည်နေထိုင်ရေးအတွက် တပ်မတော်နဲ့ ဒေသခံ ဘာသာရေးခေါင်းဆောင်တွေ ဆွေးနွေးနေပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေဟာ မြစ်ကြီးနားနယ် ဂိုဏ်းအုပ် ကက်သလစ် ဘာသာရေး အသင်းတော်မှ ဂိုဏ်းအုပ်ဆရာတော် ဖရန်စစ်ဒေါ့တန် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဧပြီ ၁၈ ရက်က တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံဆွေးနွေးတာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ အောင်လော့ဒ်ရွာသားတွေ နေရပ်ပြန်လည်နေထိုင်ရေး၊ ကြက်ခြေနီအဖွဲ့ကို စေလွှတ်ရေး၊ ခရစ်ယာန်ဘာသာရေးအဖွဲ့မှ သွားရောက်ကူညီပံ့ပိုး ပေးလိုပါက သွားရောက်နိုင်ရေးနဲ့ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တနိုင်းဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
ဓာတ်ပုံ-CINCDS











