DVB Logo
Home
မြန်မာသတင်း
လွတ်ငြိမ်းခွင့်ထဲမပါ၍ ရမည်းသင်းအကျဉ်းသား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်
DVB
·
April 20, 2018
လွတ်ငြိမ်းခွင့်ထဲမပါ၍ ရမည်းသင်းအကျဉ်းသား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းထောင်မှာ ဧပြီ ၁၉ ရက်မနက်က အကျဉ်းသား ၁၀၀ ကျော်ဟာ လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါတာကြောင့် အကျဉ်းသား အကျဉ်းသူများ တန်းတူအခွင့်အရေး ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ရမည်းသင်းအကျဉ်းဦးစီးရုံးက ပြောပါတယ်။

ဆန္ဒပြသူတွေက အကျဉ်သား အကျဉ်းသူများ တန်းတူအခွင့်အရေး ဆိုတာ ဘာလဲ၊ လူသားချင်း စာနာထောက်ထားမှုဆိုတာ ဘာလဲ စတဲ့ စာသားကို ပိတ်ဖြူပေါ် ရေးသားပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ရမည်းသင်းအကျဉ်းဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးအောင်မျိုးချွန်က “ဟုတ်ပါတယ်။ အကျဉ်းသားချင်းအတူတူ သူတို့က ဘာလို့ လွတ်ငြိမ်းချမ်းသာခွင့် မရတာလဲ၊ သတင်းစာ ဂျာနယ်တွေမှာ လူသားချင်း စာနာထောက်ထား၍ ဆိုတဲ့ စကားရပ်ကို ဖတ်လိုက်ရတော့ သူတို့လည်း လူသားပဲ စာနာပေးပါပေါ့။ ဆန္ဒထုတ်ဖော်တဲ့ အကျဉ်းသား ဦးဆောင်သူတွေကို ခေါ်ယူပြီး ခရိုင်အဆင့် အရာထမ်းတွေ ရောက်လာပြီး ရှင်းပြပေးပါတယ်။ သက်ကြီး အကျဉ်းသားတွေ၊ မူးယစ်ပုဒ်မ ၁၅/၁၆ အကျဉ်းသားတွေ၊ တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်ခံရတာတွေ၊ ရဲစည်းကမ်းနဲ့ အပြစ်ကျသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာပါ၊ ကျန်တာတွေ မပါပါဘူး။ အကျဉ်းထောင်စည်းကမ်းနဲ့အညီ နေထိုင်ရင် လျှော့ရက်ပေးပါတယ် ဆိုတာ ရှင်းပြတော့ နားလည်ပြီး ဆန္ဒထုတ်ဖော်မှု ရုပ်သိမ်းသွားပါပြီ။ အရင်အတိုင်းပဲ အေးအေးဆေးဆေး ပြန်နေကြတယ်" လို့ ပြောပါတယ်။

ရမည်းသင်းအကျဉ်းထောင်မှာ အမျိုးသမီး ၂ ဆောင်၊ အမျိုးသား ၃ ဆောင် ပေါင်း ၅ ဆောင် ရှိပါတယ်။ အမျိုးသား ၃ ဆောင်မှာ အကျဉ်းဆောင်၊ အချုပ်ဆောင်၊ ဘုတ်ဆောင် ၃ ဆောင်ထဲက အကျဉ်းဆောင်က စပြီး မနက် ၉နာရီ ၄၅ မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ အကျဉ်းသား  ၈၄၉၀ ဦး လွှတ်ပေးခဲ့ပြီး ရမည်းသင်းအကျဉ်းထောင်က ၇၈ ဦး ပါဝင်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013