DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် နိုင်ငံတကာစိုးရိမ်
DVB
·
June 12, 2012
ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် နိုင်ငံတကာစိုးရိမ်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အပေါ် စိုးရိမ်တဲ့ အကြောင်းနဲ့ ချက်ချင်းရပ်ကြဖို့ ကုလသမဂ္ဂ၊ အမေရိကန်အစိုးရနဲ့ အီးယူနိုင်ငံတွေက သက်ဆိုင်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နီလ်စာကီလ် (Martin Nesirky) က မြန်မာပြည်ရဲ့ အခြေအနေတွေ ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရတဲ့အပေါ်မှာရော ဘက်နှစ်ဘက်မှာ ဆွပေးတဲ့ အဖြစ်အပျက်တွေ ဖြစ်နေတဲ့ အပေါ်မှာပါ အလွန်စိုးရိမ် နေပါတယ်။

ကုလသမဂ္ဂ  လူသားချင်းစာနာမှု အကူအညီပေးရေး ၀န်ထမ်းတချို့ကို ပဋိပက္ခ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ကနေ ယာယီ ပြန်ရုပ်လိုက်တဲ့နောက်မှာ ကုလသမဂ္ဂ  ရုံးချုပ်က အခုလို ထုတ်ဖော်ပြောဆို လိုက်တာပါ။ ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာ လုပ်ငန်းတွေ ဆက်လုပ်ဖို့ မဖြစ်နိုင်တာက တကြောင်း၊ ၀န်ထမ်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတာက တကြောင်းတို့ကြောင့် ကုလသမဂ္ဂ  ၀န်ထမ်းတွေကို သူတို့ သဘောအတိုင်းပဲ အဲဒီဒေသတွေကနေ ပြန်ရုပ်လိုက်တာလို့  ရန်ကုန်မှာ ရုံးထိုင်တဲ့ ကုလသမဂ္ဂ  လူသားချင်းစာနာမှု အကူအညီပေးရေးရုံးရဲ့ ဌာနေကိုယ်စားလှယ်  အရှော့ နီဂန် (Ashok Nigam) က ပြောပါတယ်။

သောကြာနေ့ကစလို့ အနည်းဆုံးလူ ၇ ဦးသေဆုံးခဲ့ရပြီး တချို့ဒဏ်ရာရတာတွေ ရှိနေတဲ့အတွက် ပဋိပက္ခကို အလွန် စိုးရိမ်တဲ့ အကြောင်း အမေရိကန် နဲ့ ဥရောပ သမဂ္ဂ  (အီးယူ) တို့ကလည်း ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က `ရခိုင်ပြည်နယ်က အခြေအနေတွေ ကို ကြည့်ခြင်းအားဖြင့် လူမျိုးစုတွေ အားလုံး အကြား၊ ဘာသာရေးတွေ အားလုံး အကြားမှာ အပြန်အလှန် လေးစားမှု အရေးတကြီး လိုအပ်နေတာကို ပြနေတယ်။´ လို့ တနလာင်္နေ့ မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

အခြေအနေတွေကို အမေရိကန် အစိုးရက စိုးရိမ်တဲ့ အကြောင်းနဲ့ သက်ဆိုင်သူတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဥရောပသမဂ္ဂ  (အီးယူ) ကတော့ အခုဖြစ်နေတဲ့ ပဋိပက္ခအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံ ကို ကျေနပ်တယ် လို့ ပြောပါတယ်။

အီးယူရဲ့ နိုင်ငံခြားရေးရာ ၀န်ကြီး ကတ်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ပြောခွင့်ရသူ မာဂျ ကိုစီဂျန်နစ် (Maja Kocijanic) က  အခုဖြစ်နေတဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေအပေါ် လုံခြုံရေးတပ်တွေက ခက်ခက်ခဲခဲ ကိုင်တွယ်နေရတယ်လို့ ယုံကြည်တဲ့ အကြောင်းနဲ့ ဒီပဋိပက္ခကို အစိုးရက အဆင့်ဆင့် ကိုင်တွယ်နေပုံကို ကြိုဆိုတဲ့ အကြောင်း ပြောပါတယ်။

ဒါပေမယ့် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ သမ္မတ ဦးသိန်းစိန်အစိုးရက ထိထိရောက်ရောက် မကိုင်တွယ်တဲ့အတွက် အခြေအနေတွေ ထိန်းမရတဲ့အထိ ဖြစ်ကုန်ရတာဆိုပြီး ဝေဖန်လိုက်ပါတယ်။

အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ရဲ့ ကြေညာချက်မှာ အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး အီလိန်း ပီယားစ်ဆင် (Elaine Pearson) က သမ္မတ ဦးသိန်းစိန် အစိုးရက ရခိုင်ပြည်နယ်မှာ ပြဿနာစဖြစ်တဲ့အချိန်က ဒီအတိုင်း စောင့်ကြည့်နေခဲ့လို့ အကြမ်းဖက်မှုတွေဟာ အခုလောက် ကျယ်ပြန့်လာရတာလို့  ဝေဖန်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013