DVB Logo
Home
မြန်မာသတင်း
အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကို ခရီးသည်ဝင်ရောက်မှု မြင့်တက်
DVB
·
April 19, 2018
အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကို ခရီးသည်ဝင်ရောက်မှု မြင့်တက်
1 / 9
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ကို ပွင့်လင်းရာသီ ၃ လကျော်အတွင်း အရင်နှစ်ထက် ပြည်တွင်းဘုရားဖူးခရီးသည် ၃၅ ရာခိုင်နှုန်းလောက် မြင့်တက်ခဲ့ပြီး နိုင်ငံခြားသား တစ်ယောက်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

အလောင်းတော်ကဿပဂေါပက ဥက္ကဋ္ဌ ဦးမောင်မောင်ချိုက “ပျမ်းမျှအားဖြင့် အလှူခံရရှိငွေ အရ ကျပ်သိန်း ၇ ထောင်ကျော်ရခဲ့တယ်။ ဘုရားဖူးတွေလည်း ၃၅ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့တယ်။ အလှူခံရရှိငွေကလည်း ၁၀ ရာခိုင်နှုန်းလောက်တိုးမယ်။ ဒါပေမယ့် ယောနယ်ကနေ ခြေလျင်ခရီးလာသူတွေကတော့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ လျော့သွားတယ်။ ဒါကတော့ ခေတ်ကာလအခြေအနေအရကြောင့်လည်း ဖြစ်နိုင်သလို ရာသီဥတု၊ လမ်းပန်းကြောင့်လည်းဖြစ်နိုင်တယ်။ နိုင်ငံခြားခရီးသွားကလည်း ဒီနှစ်မှာ တစ်ယောက်ပဲ လာတယ်။ မနှစ်ကတော့ ၇ေ ယာက်လောက်လာတယ်။ ဒါကတော့လျော့သွားတာပေါ့။ ဘုရားဖူးရာသီအစမှာ မိုးရွာလို့ ၁ ပတ်လောက်လမ်းပိတ်တဲ့အတွက် ဂေါပကအဖွဲ့က ဘုရားဖူး ၃၀၀ လောက်ကို ထမင်းကျွေးရတာကလွဲရင် ကျန်တာတော့ အားလုံးအဆင်ပြေခဲ့ပါတယ်။” လို့ ဒီဗွီဘီကိုပြောပါတယ်။

အလောင်းတော်ကဿပဘုရားဖူးလမ်းကို အခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တာပါ။ အခုအချိန်မှာ မိုးဦး ကျလာပြီဖြစ်တာကြောင့် ဧပြီ ၂၁ ရက်နေ့ ဘုရားဖူးလမ်းပိတ်တော့မှာဖြစ်ပါတယ်။

ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကလည်း “ကျနော် သိရသလောက်ကတော့ တစ်ရက်ကို ပျမ်းမျှဘုရားဖူးခရီးသည် ၃၀၀၀ ဝန်းကျင်ရှိတယ်။ အရင်နှစ် ကထက် တိုးတယ်။ ဒါ တပေါင်းလပြည့်တုန်းကဆို လူပေါင်း သိန်းချီလာကြတာ။ လပြည့်၊ လကွယ်ရက်တွေဆိုရင် ဘုရားဖူးပိုပေါတယ်။ ပွဲတော်ရက်ကဆို ကားထားစရာတောင်မရှိခဲ့ဘူး။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာတယ်။ မီဒီယာတွေရဲ့ သတင်းဖော်ပြမှုတွေ များလာတယ်။ ပြီးတော့ အမျိုးသားဥယျာဉ်က သဘာဝအတိုင်းတောရိပ်တောင်ရိပ်နဲ့ အေးချမ်းတာ တွေကြောင့်ရောဖြစ်မယ်။ ဒီနှစ်ကတော့ မိုးလည်းကျလာပြီဖြစ်တဲ့အတွက် ရာသီပိတ်တော့မယ်။ ၂၀ ရက်နေ့မှာ စုံညီရှင်းတမ်းတွေလုပ်မယ်။ ၂၁ ရက်နေ့မှာတော့ မိုင်၂၀ လောက်ဝေးတဲ့ ဂုံညင်းပင်စခန်းထိ ပရိတ်၊ ပဌာန်းတွေရွတ်ပြီး ဘုရားဖူးလမ်းကို မောင်းတံတွေတား၊ တိုင်တွေစိုက်ပြီး ပိတ်ပွဲလုပ်တော့မယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း သဘာဝအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒီအမျိုးသားဥယျာဉ်က အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ဖြစ်တာကြောင့် မလွယ်သေးဘူးလို့ ဂေါပကအဖွဲ့ကပြောပါတယ်။

“အခုထိ ကျနော်တို့ဂေါပကပိုင်တာ ဘာမှမရှိသေးဘူး။ မိလ္လာကျင်းတူးချင်ရင်တောင် စာတင်ရတယ်။ ခွင့်ပြုချက်ရမှ တူးရတယ်။ ဒီအလောင်းတော်ကဿပနေရာလေးကို ဘုရား ဝတ္တကမြေတောင်းထားတာတောင် အခုထိမရသေးဘူး။ ခုသမ္မတကြီး ဦးဝင်မြင့် လွှတ်တော် ဥက္ကဋ္ဌ ဘဝတုန်းက ဒီကိုလာလည်စဉ်ကလည်း တင်ပြဖူးတယ်။ လာခဲ့ပါလို့တော့ပြောတာ ရှိတယ်။ ကျနော်တို့အထင်တော့ ခရီးသွားလုပ်ငန်းလုပ်ဖို့က အခက်အခဲရှိဦးမယ်။ နိုင်ငံခြား ခရီးသည်ဆို ပိုဆိုးတယ်။ သူတို့အတွက် အိမ်သာ၊ အစားအသောက်၊ နေရာထိုင်ခင်းကအစ ဖန်တီးမပေးနိုင်သေးဘူး။ လွယ်တော့မလွယ်သေးဘူး။” လို့ အလောင်းတော်ကဿပဂေါပက ဥက္ကဋ္ဌ ဦးမောင်မောင်ချိုက ဒီဗွီဘီကိုပြောပါတယ်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နှင့် ဇလုံတောင်တို့မှာ ပြည်တွင်းပြည်ပခရီးသွား တွေကို ပိုမိုဆွဲဆောင်နိုင်စေဖို့ရည်ရွယ်ပြီး ကေဘယ်ကားတွေတပ်ဆင်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရကနေ ကုမ္ပဏီအချို့နဲ့ ညှိနှိုင်းတာတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီနေ့ထိတော့ အကောင်အထည်ဖော်မယ့် အနေအထား မတွေ့ရသေးပါဘူး။

အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်က အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ဖြစ်သလို ဒေသရဲ့ ရေဝေရေလွှဲ၊ ဇီဝမျိုးစုံမျိုးကွဲ တွေ ကျက်စားရာ၊ သဘာဝပေါက်ပင်တွေ စုံစုံလင်လင်တည်ရှိတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013