DVB Logo
Home
မြန်မာသတင်း
လင်းခေးတွင် စိတ်မနှံ့သူတဦး သေနတ်ဖြင့် အပစ်ခံရ
DVB
·
April 19, 2018
လင်းခေးတွင် စိတ်မနှံ့သူတဦး သေနတ်ဖြင့် အပစ်ခံရ
Donate to DVB

 

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ပန်တ၀ိကျေးရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စိတ်မနှံ့သူတဦး သေနတ်နဲ့အပစ်ခံရတယ်လို့ သက်ဆိုင်ရာဆွေမျိုးသားချင်းတွေက ပြောပါတယ်။

အသက် ၂၄ နှစ်ရွယ်ရှိ စိုင်းလွန်းဆိုသူမှာ တခါတရံ စိတ်ဖောက်ပြန်လေ့ရှိပြီး တိုင်းရင်း ဆေးဆရာနဲ့ ကုသနေကြောင်း၊ ဧပြီ ၁၇ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မှာ မိသားစုတွေ ပန်တ၀ိဘုန်းကြီးကျောင်းတက်ဖို့ လာကြရင်း စိုင်းလွန်းက ဆိုင်ကယ်နဲ့အရင်သွားနှင့်ကြောင်း၊ ဆွေမျိုးတွေ ရောက်သွားတဲ့အချိန်မှာ စိုင်းလွန်းက အပစ်ခံရပြီး ပြည်သူ့စစ်ကင်းတဲမှာ ချုပ်နှောင် ခံထားရတယ်လို့ ဦးလေးတော်သူ စိုင်းဥတ္တရက ဒီဗွီဘီကို ပြောပါတယ်။

“သူကအရင်ရောက်သွားတော့ ဆိုင်ကယ်ကို ကျောင်းအောက်မှာရပ်ပြီး အပေါ်တက် သွားတယ်။ ကျောင်းပေါ်မှာသူက ဟိုဟိုဒီဒီသွားနေတုန်း သူ့ဆိုင်ကယ်ကို ရွာထဲကလူတွေ ဖျက်ဆီးတယ်တဲ့၊ အဲဒါစိတ်ဆိုးပြီး အော်ဟစ်ဆဲဆိုသောင်းကျန်းတာပေါ့၊ သူကကျောင်းတံခါးကို ပြန်ဖျက်ဆီးတယ်။ ကျောင်းအောက်ရောက်တော့ ဆိုင်ကယ်သော့ကို ပြန်လုကြတယ်။ လူအုပ်ထဲ က ပြည်သူ့ စစ်ခေါင်းဆောင်က သူ့ကိုသေနတ်နဲ့ ပစ်ထည့်လိုက်တာ လက်နဲ့ ၀မ်းဗိုက်ဘေးခါးနား မှာထိသွားတယ်။ မနေ့ကတော့ ကျနော်တို့သူ့ကို ပြန်သွားခေါ်ပြီး လင်းခေးဆေးရုံလာပို့ထားပါ တယ်။ သူ့ခါးနားရှိတဲ့ကျည်ဆန် ခွဲထုတ်ရမယ်လို့ ဆရာဝန်တွေပြောပါတယ်။”

ဒီလိုပစ်ရတာနဲ့ ပတ်သက်ပြီး ကျေးရွာလူခြုံရေးယူတဲ့ ပြည်သူ့စစ်အဖွဲ့တွေကတော့ စိုင်းလွန်းဟာ စိတ်ဖောက်ပြန်ပြီး ဘုန်းကြီးကို တခုခုလုပ်မှာ၊ ကျောင်းလာတက်သူတွေကို အနှောင့်အယှက်ပြုမှုာစိုးလို့ ပစ်ရတာဖြစ်ကြောင်း ဆွေမျိုးတွေကို ပြောပါတယ်။

စိုင်းလွန်းရဲ့ ဦးလေးဖြစ်သူကတော့ သူတို့တူဟာ တခါတရံမူမမှန်ပေမယ့် ဘယ်သူ့ကိုမှ အကြမ်းဖက်ခဲ့တာ မရှိဖူးကြောင်း၊ လုံခြုံရေးအရ ပစ်ရတာဆိုပေမယ့် သူတို့တူနဲ့မိခင်ဖခင်တွေ ကို သနားငဲ့ညှာတဲ့အနေနဲ့ ဒီလိုသေနတ်နဲ့မပစ်ဘဲ တခြားနည်းနဲ့ ဆုံးမထိန်းချုပ်သင့်ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူဖြေရှင်းပေးဖို့ မနေ့က ၀မ်ဟတ်ရဲစခန်းကို သွားရောက်တိုင်ချက်ဖွင့်ထားတယ်လို့ ပြောပါတယ်။

ဝမ်ဟတ်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ လောလောဆယ် တိုင်ကြား ချက်တွေလက်ခံထားပြီး တာဝန်ရှိသူတွေလည်း အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးနေကြောင်း၊ ဒီအမှုတွဲကို လင်းခေးခရိုင်ရဲစခန်းကို ဆက်လက်ပေးပို့ရမယ်လို့ တာဝန်ကျရဲ ၀န်ထမ်းတဦးက ပြောပါတယ်။

ပစ်ခတ်သူ၊ ဖမ်းချုပ်သူတွေနဲ့ သူတို့ဟာ တရွာသားချင်း၊ ကိုင်းကျွန်းမီကျွန်းကိုင်းမီနေ ထိုင်နေကြသူတွေမို့  မိဘဆွေမျိုးဘက်က ဆေးကုသခစရိတ်တွေ ပြန်ရရင် ကျေနပ်တယ်လို့ စိုင်း ဥတ္တရက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013