DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင် လူငယ်အချင်းချင်း ၃ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခဲ့မှုဖြင့် အမှုဖွင့်
DVB
·
April 19, 2018
သင်္ကြန်တွင် လူငယ်အချင်းချင်း ၃ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခဲ့မှုဖြင့် အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ လူငယ်အချင်းချင်း ဖမ်းဆီးချုပ်နှောင် ရိုက်နှက်မှု သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၁၅ ရက်က လူငယ်တွေ သင်္ကြန်လည်ပတ်တုန်း ကားသော့ပျောက်ဆုံးခဲ့တဲ့အတွက် အချင်းများခဲ့ရာက မျိုးလွင်ဦးကို တူးတူးအပါအ၀င် လူငယ် ၃ ယောက်တို့က ကြိုးတုပ်ချုပ်နှောင်တာ၊ လက်ထိပ်ခတ်ချုပ်နှောင် ရိုက်နှက်ခဲ့ပြီး ဧပြီ ၁၈ ရက် မနက်ပိုင်းကျမှ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ချုပ်နှောင် ရိုက်နှက်ခံရသူ မျိုးမင်းဦးက "တူးတူးရဲ့ ကားသော့ပျောက်သွားတာကို ကျနော့်ကြောင့်လို့ စွပ်စွဲတယ်။ အဲ့ဒါနဲ့ ကျနော်က မယူထားဘူးလို့ပြောပြီး သွားခဲ့တဲ့လမ်းအတိုင်း ကျနော့်ကားနဲ့ ပြန်ရှာတယ်။ ရှာမတွေ့တော့ ကျနော့်ကို ကြိုးနဲ့တုပ်ပြီး ကားနောက်ခန်းမှာ ထည့်ထားတယ်။ ကျနော့်ကားကို သူကမောင်းတယ်။ နောက် ကျနော့်ကားပါယူသွားပြီး မြို့မစေတီတောင် ချောင်းကမ်းနား ကျောက်ကွင်း အဆောင်ထဲမှာ လက်ထိပ်ခတ်ပြီး ချုပ်ထားတယ်။ ကျနော့်ကိုလည်း ခြေနဲ့ကန် ရိုက်တာတွေလည်း လုပ်တယ်။ ၁၈ ရက်နေ့မနက်မှ သူငယ်ချင်းတယောက်က လက်ထိပ်လာဖြုတ်ပေးလို့ အိမ်ပြန်ရောက်တာပါ။" လို့ ပြောပါတယ်။

မျိုးမင်းဦးရဲ့ မျက်နှာ၊ လက်နဲ့ ရင်ဘတ်တွေမှာ ဖူးယောင် ပွန်းပဲ့ဒါဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ဆေးရုံတင်ကုသပေးထားရပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

"သူ့မှာ ဖုန်းလည်းပါမသွားဘူး။ ကျနော်မသိတဲ့ဖုန်းနံပတ်နဲ့ ၁၆ ရက်နေ့က တခါဆက်တယ်။ သား ပြန်လာပြီပြောပြီး ရောက်မလာဘူး။ သုံးရက်လုံးပျောက်နေလို့ သူငယ်ချင်းတွေနဲ့ ပါသွား တယ်ထင်တာ။ ၁၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ အဲ့ဒီဖုန်းနဲ့ပဲ တူးတူးက ကျနော့်သား ရေကောင်းချောင်းက ပြန်လာနေပြီလို့ လှမ်းဆက်လာပြန်တယ်။ ဆယ်နာရီလောက် ကားမောင်း ပြီး ပြန်လာတယ်။ ဒါဏ်ရာတွေရပြီး စကားမပြောနိုင်တာမြင်လို့ မေးမှ သူဖမ်းချုပ်ခံရမှန်းသိတယ်။ ကားပါ လူပါ ပြန်ပေးဆွဲသွားသလိုဖြစ်နေတယ်။ အခုဆေးရုံတင်ထားတယ်။ အမှုဖွင့်တိုင်ထား ပါပြီ"လို့ ဖခင်ဦးမောင်ခင်က ပြောပါတယ်။

အခုလို ဖမ်းဆီးချုပ်နှောင်ပြီး ရိုက်နှက်သူတွေကို ဘူးသီးတောင်ရဲစခန်းက ပ ၄၈/၂၀၁၈၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/၄၃၆ နဲ့ အမှုဖွင့်ထားပြီး တူးတူး အပါအ၀င် ပြစ်မှုကျူးလွန်ကြောင်း တိုင်တန်းခံရသူတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲမှာ သင်္ကြန်ကာလအတွင်း မှုခင်းနဲ့ မတော်တဆထိခိုက်မှု မရှိခဲ့ပဲ ဧပြီ ၁၈ ရက်မှာ အခုလို ချုပ်နှောင်ရိုက်နှက်ခံရကြောင်း တိုင်တန်းမှု ၁ ခုပဲ ရှိတယ်လို့ မြို့မရဲစခန်းက သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013