DVB Logo
Home
မြန်မာသတင်း
ဆေးရုံများတွင် ဆေးဝါးလေလွင့်မှုနည်းပါးစေရန် ကွန်ပြူတာစနစ်ဖြင့် စောင့်ကြည့်မည်
DVB
·
April 19, 2018
ဆေးရုံများတွင် ဆေးဝါးလေလွင့်မှုနည်းပါးစေရန် ကွန်ပြူတာစနစ်ဖြင့် စောင့်ကြည့်မည်
Donate to DVB

 

နိုင်ငံအနှံ့ရှိ အစိုးရဆေးရုံတွေမှာ ဆေးဝါးလေလွင့်မှု နည်းပါးစေဖို့ ကွန်ပြူတာစနစ်အသုံးပြုပြီး စောင့်ကြည့်သွားမယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ဧပြီ ၁၈ ရက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ဆေးဝါးဝယ်ယူ ဖြန့်ဖြူးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်က မြောင်းမြမှာပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆေးရုံတွေမှာ ဆေးဝါးတွေပိုလျှံနေလို့ သက်တမ်းလွန်ဖြစ်နေတဲ့ ဆေးတွေတောင်ရှိတယ်လို့ ပြောဆိုခဲ့ရာမှာ ဝေဖန်မှုတွေကြောင့် ဒေါက်တာမြင့်ထွေးအနေနဲ့ ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အခုလို အစည်းအဝေးခေါ်ယူဖြစ်တာဖြစ်ပြီး အခုလိုဖြစ်စဉ်တွေ မဖြစ်ရအောင် ဆေးရုံတွေမှာ ကွန်ပြူတာစနစ်အသုံးပြုပြီး စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

“ဒါမျိုးတွေမဖြစ်အောင် ကွန်ပြူတာပေးထားတယ်ဆိုရင် တိုင်းဦးစီးမှူးကနေ ဆော့ဝဲထည့်ထားမယ်ဆိုကြည့်လို့ရတယ်။ ဆေးရုံ(က)မှာတော့ ဒီဆေးသည် ၆ လမှာတော့ သက်တမ်းလွန်တော့မယ်။ ဒီဆေးကို ဘယ်ဆေးရုံကို လွှဲပြောင်းပေးလို့ရမလည်း ဒါလည်း လုပ်နေပါတယ်။ ဆေးရုံတွေကိုလည်း ကွန်ပြူတာအလုံး ၁၀၀၀ ပို့ထားပါတယ်။ သင်တန်းတွေလည်း ပေးနေတယ်။ ဆော့ဝဲတွေလည်း ထည့်နေတယ်။ ကွန်ပြူတာထဲမှာ ထည့်မယ့် ဆော့ဝဲဆိုရင် ၆ လမှာ သက်တမ်းလွန်ဖြစ်မယ့် ဆေးဆိုရင် link ၀င်လာမယ်။ ဒီဆေး လာမယ့် ၆ လမှာ သက်တမ်းလွန်မယ်ဆိုရင် ဘယ်ကို ပြောင်းမလည်း။ ဒီဆေးကို ဘယ်ဆေးရုံမှာ လိုမလည်း အဲလိုပြောင်းမယ်။ ဆိုလိုတာက ဆေးအလေအလွင့် သိပ်နည်းသွားမယ်” လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်က ဆေးဝါးသုံးစွဲမှု စာရင်းတွေရှိရင်တော့ ဒါတွေကိုလေ့လာပြီး ဆေးဝယ်ယူတာတွေ လုပ်မယ်ဆိုရင် ဆေးဝါးလေလွင့်မှု နည်းပါးသွားနိုင်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်ကလာတဲ့ လူနာအရေအတွက်နဲ့ သုံးစွဲတဲ့ ဆေးဝါးတွေဖြစ်လို့ ရာနှုန်းပြည့် မဖြစ်နိုင်ပေမယ့် ဆေးဝါးအလေအလွင့် နည်းသွားမယ်လို့ ဆိုပါတယ်။ အစိုးရသစ်လက်ထက်မှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တစ်နှစ်အတွင်း ကျပ် ၂၇၄ ဘီ လီယံဖိုး ဆေးဝါးဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013